မြန်မာနိုင်ငံ၏ လက်ရှိ ဖွဲ့စည်းပုံအရ အစိုးရ နှစ်လွှာ ရှိသည်။ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံဟု အမည်တပ်ထားသော်လည်း တိုင်းဒေသ ကြီး/ပြည်နယ် ဝန်ကြီးချုပ်များကို သမ္မတကသာ ခန့်အပ်ရာ တစ်ပြည်ထောင်စနစ်ဟု ဆိုနိုင်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများမှာ လူထုနှင့် ပိုအနီးကပ် ရင်ဆိုင်ထိတွေ့ရသော အစိုးရများ ဖြစ်သည်။
ထိုကြောင့် ယင်းတို့ကို ကွင်းထဲမှ အစိုးရ ဟုလည်း တင်စားတတ်သည်။ သို့သော် လုပ်ပိုင်ခွင့်အာဏာမှာ ပြည်ထောင်စု အစိုးရတွင် ပိုမိုများပြားသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို ကြက်မကြီးက ကြက်ပေါက်ကလေးများကို အုပ်ထားသကဲ့သို့ ပြည်ထောင်စု အစိုးရက ကျင့်သုံးလေ့ရှိသည်။ ထိုကြောင့် ပုံမှန် အခြေအနေများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘဲ အပေါ်ကိုသာ မှီခိုတတ်ကြသည်။
ကိုဗစ်ကဲ့သို့သော ကပ်ဘေးကာလ၊ အရေးပေါ် အခြေအနေများတွင် ပြည်ထောင်စု အစိုးရက အသေးစိတ် စီမံခန့်ခွဲမှုများကို မကြီးကြပ်နိုင်သောအခါ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်သည့် အလေ့အကျင့်မရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရတို့မှာ အလွဲလွဲ အမှားမှား ဖြစ်ရသည်။
အချုပ်ဆိုရသော် စီမံမှု အလေ့အကျင့်မရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှာ အရေးကြုံလာသော အခါလွဲတော့သည်။
ထိုကြောင့် ကွင်းထဲက အစိုးရများကို လမ်းမလျှောက်တတ်သည့် ကလေးငယ်ကဲ့သို့ ပြည်ထောင်စု အစိုးရက တစ်ချိန်လုံး ထိန်းကျောင်းထောက်မခြင်း၊ အရိပ်တကြည့်ကြည့် လုပ်နေခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို အရွယ်မရောက်စေ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မလုပ်ဆောင်စေနိုင် ဖြစ်နိုင်သည်။
ယင်းကို ယခုကိုဗစ်ကပ်ဘေးကာလတွင် ထင်ရှားစွာ မြင်နိုင်သည်။
ထိုကြောင့် ကွင်းထဲမှ အစိုးရများဖြစ်သော တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို ထိုက်သင့်သော လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် အရေးကြုံလာပါက ဆုံးဖြတ်လုပ်ကိုင်တတ်စေရန် အခွင့်အရေး ပေးထားသင့်ပါကြောင်း မီးမောင်း ထိုးပြလိုရင်း ဖြစ်သည်။
အယ်ဒီတာ (စက်တင်ဘာ ၁၂၊ ၂၀၂၀)