BREAKING
January 15, 2025

မောရဝတီရေတပ်က ခွင့်ပြုမှသာ ကံပေါက်တိုက်နယ်ကို ဆေးဝါးသယ်ယူခွင့်ပေး

August 18, 2024

ပုံစာ - သစ်တောရုံးလမ်းဆုံဂိတ် ကိုဗစ်ကာလက မြင်တွေ့ရစဉ် (ပုံဟောာင်း)

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်သို့ အိမ်သုံး၊ဆေးရုံသုံး ဆေးဝါးသယ်ယူခွင့်ကို မောရဝတီရေတပ်က ယခုလဆန်းပိုင်းကစ၍ ကန့်သတ်လာသည်ဟု ဒေသခံ ဆေးဝါးရောင်းချသူများ အသိုင်းအဝိုင်းထံကသိရသည်။

ဆေးဝါးသယ်ယူခွင့်ကို လုံးဝကန့်သတ်လိုက်ခြင်းမဟုတ်ဘဲ ဆေးဝါးသယ်ယူပါက အထောက်အထားအပြည့်အစုံဖြင့် မောရဝတီရေတပ်သို့တင်ပြပြီးမှ သယ်ယူခွင့်ပြုသည်ဟု ၎င်းတို့ကဆိုသည်။

” ဆရာဝန်တစ်ယောက်ယောက်ရဲ့ ထောက်ခံချက်၊ ပြီးတော့ ဘယ်ဆေးဝါး၊ ဆေးအမျိုးအစားနဲ့ အရေအတွက်ကို အကုန်တင်ပြခိုင်းတယ်။ အဲလိုမတင်ပြထားဘဲ သယ်လာလို့ရှိရင် ဆေးပစ္စည်းသိမ်းသွားတယ်။ မောရဝတီမှာ လိုက်ထုတ်ရတာမျိုး အထိရှိတယ်” ဟု အမည်မဖော်လိုသည့် ကံပေါက်ဒေသခံ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဆေးဝါးစာရင်းမတင်ပြဘဲ သယ်လာမိသဖြင့် သိမ်းဆည်းခံရသည့် ဆေးပစ္စည်းအချို့တွင် ကံပေါက်တိုက်နယ်ဆေးရုံက ဆေးဝါးများပင်ပါဝင်သည်ဟု ဆေးရုံနှင့်နီးစပ်သည်သူများထံက သိရသည်။

ယင်းသို့ ဆေးပစ္စည်းများအား ကံပေါက်ရွာထိပ်ရှိ သစ်တောရုံး စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးတင်းကြပ်သဖြင့် ကားသမားအချို့က ဆေးပစ္စည်းများကို မတင်ပေးတော့ကြောင်း ကားသမားများထံကသိရသည်။

” ပစ္စည်းတစ်ခုချင်းယူစစ်တယ်။ ဆေးပစ္စည်းတွေပါလာရင် ပိုရစ်တယ်။ ခရီးလမ်းကြန့်ကြာတယ်။ နောက်ပိုင်း ဆေးပစ္စည်းဆိုရင် သယ်ပေးရဖို့ လက်တွန့်လာတယ်။ သူတို့ပြောတဲ့ အထောက်အထားတွေပါတဲ့ ပစ္စည်းဆိုရင်တော့ တင်ပေးနေပါသေးတယ်” ဟု ကုန်ကားသမားတစ်ဦးက ပြောသည်။

ကံပေါက်တိုက်နယ်အတွက် ဆေးဝါးကို ထားဝယ်နှင့်ရန်ကုန်လမ်းကြောင်း နှစ်ခုမှသယ်ယူခြင်းဖြစ်ပြီး ကံပေါက်တိုက်နယ်အဝင် ဂန့်ဂေါ်တောင်ရပ်ကွက်ရှိ သစ်တောရုံးဂိတ်ကို မဖြစ်မနေဖြတ်သန်းအစစ်ဆေးခံရသည်။

ဆေးဆိုင် တစ်ဆိုင်နှင့် တစ်ဆိုင် ဆေးဝါးသိုလှောင်ထားမှု အတိုင်းအတာကွာခြားသဖြင့် ဆေးဝါးပြတ်လပ်မှု အတိုင်းအတာမတူညီကြောင်း နှင့် ယခုလက်ရှိတွင် အိမ်သုံးဆေးဝါး လုံလောက်ဆဲဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်များကဆိုသည်။

ကံပေါက်တိုက်နယ်ရှိ ကံပေါက်၊အုန်းပင်းကွင်း၊ ဇာဒီ၊ဖောင်းတော၊သဲချောင်း၊ အိန္ဒရာဇာ၊ဖားချောင်း၊ နတ်ကြီးစင်၊ကျွဲသုံးညီမ စသည့် ကျေးရွာအုပ်စုများသည် ကျန်းမာရေးအတွက် ကံပေါက်တိုက်နယ်ဆေးရုံကို အားထားကြရသည်။

ယင်းအပြင် သာမန်ဖျားနာမှုနှင့် ရေရှည်ဆေးဝါးစွဲသောက်ရသူများမှာမူ ဆေးခန်းနှင့်ဆေးဆိုင်များကို ပို၍အားထားကြရသည်ဟု ဒေသခံများကဆိုသည်။

” အခုနောက်ပိုင်းဆေးတွေဈေးကြီးလာတယ်။ တချို့ဆေးတွေပြတ်လာတယ် ။ ကံပေါက်မှာ ဝယ်မရတော့လို့ အခြားမြို့ပေါ်ကို လူကြုံနဲ့မှာလိုက်ရတာမျိုးရှိတယ် ။ ဆေးပြတ်လို့မရတဲ့ လူနာတွေလည်းရှိတယ်။ သက်ကြီးပိုင်းတွေဆို ပိုသနားစရာကောင်းတယ်” ဟု ကံပေါက်ဒေသခံ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးက ပြောသည်။

‌ပြီးခဲ့သည်နှစ်ကလည်း မောရဝတီရေတပ်သည် ကံပေါက်တိုက်နယ်အတွင်းက ဇာဒီကျေးရွာအုပ်စုကို ဆန်သယ်ယူခွင့် ကန့်သတ်ခဲ့ဖူးသေးသည်။