ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ စက်သုံးဆီတင်ဆောင်လာသည့် ဆီဘောင်ဆာကားတစ်စီး ထားဝယ်မြို့သို့ ဆင်းလာနေပြီဖြစ်ကြောင်း ရနံ့သစ်စက်သုံးဆီဆိုင်မန်နေဂျာက ပြောဆိုသည်။
ဩဂုတ်လ ၁၈ ရက် မနက် ၄ နာရီအချိန်မှစပြီး ရန်ကုန်မြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းတွင်တစ်ညအိပ်ရမည် ဖြစ်သောကြောင့် ထားဝယ်မြို့သို့ ဩဂုတ်လ ၁၉ ရက် (မနက်ဖြန်)တွင်ရောက်လာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
၎င်းဆီဘောင်ဆာကားတစ်စီးဖြင့် ထားဝယ်ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဦးမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။
“အခုဆင်းလာနေတာက ကားတစ်စီးပဲဆိုတော့ ချ ေရာင်းတာနဲ့ကုန်မှာပဲ။ ဆင့်ပါးစပ်နှမ်းပက် တာလောက်ပဲဖြစ်မယ်” ဟု ၎င်းကဆိုသည်။
ယခုဆင်းလာနေသည့် ဆီဘောင်ဆာကားတွင် စက်သုံးဆီမည်မျှ တင်ဆောင်လာသည်ကိုမူ မသိရပေ။
ယနေ့ ထားဝယ်မြို့ထဲတွင် စက်သုံးဆီတစ်လီတာ ၃၅၀၀ ကျပ်အထိ ဈေးပေါက်နေသော်လည်း ဝယ်မရဖြစ်နေကြောင်း မြို့ခံတစ်ဦးကပြောသည်။

“ဆီဆိုင်တစ်ဆိုင်မှာ ရောင်းပေးနေတာတွေ့ရင် အားလုံးစုပြုံပြီး ဝင်ဝယ်နေကြရတယ်။ တစ်ချို့ကလည်း ဆီရှာရင်းနဲ့ ဆီပြတ်လို့ (ဆိုင်ကယ်) တွန်းပြီးသွားနေကြရတယ်” ဟု ၎င်းကဆိုသည်။
ကမ်းနားလမ်းရှိ ဆီဘောတွင်လည်း ဆီဝယ်မရတော့ကြောင်း အသေးစား စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
တိုင်းအတွင်းရှိ ဒေသအချို့တွင်မူ စစ်ကောင်စီတပ်ဖွဲ့က စက်သုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးပြီး ဖိအားပေးရောင်းချခိုင်းနေကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်အချို့က ပြောသည်။
“ရဲတွေရောက်လာပြီးတော့ ဆီမရောင်းဘဲ မနေနဲ့ပေါ့နော်။ တစ်ယောက်ကို သုံးထောင်ဖိုးလောက်ဖြစ်ဖြစ် ရောင်းပေးရမယ်လို့ လာပြောတယ်” ဟုအမည်မဖော်လိုသည့် စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။
ဆိုင်အချို့မှာမူ ဈေးတက်လာမှရောင်းချမည်ဟုဆိုကာ ထုတ်မရောင်းပေးဘဲ စက်သုံးဆီကို သိုလှောင်ထားကြကြောင်း လောင်းလုံးဒေသခံတစ်ဦးက ဆိုသည်။
“ကားပေါ်ကနေ ဆီသုံးလေးပေပါချတာကိုတွေ့လို့ သွားဝယ်တာကို မရှိဘူးဆိုပြီး ပြောလိုက်တယ်“ ဟု လောင်းလုံးဒေသခံ တစ်ဦးကဆိုသည်။
တနင်္သာရီတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကမူ စက်သုံးဆီကိစ္စ ဝန်ကြီးချုပ်နှင့် သယံဇာတဝန်ကြီးတို့က အလေးပေးဆောင်ရွက်နေသဖြင့် မကြာခင် ပြေလည်သွားမည်ဟု ဩဂုတ်လ ၁၂ ရက်က ပြောဆိုခဲ့ဖူးသော်လည်း ယနေ့အချိန်အထိ ပြေလည်ခြင်းမရှိသေးပေ။