BREAKING
September 7, 2024

စစ်ကောင်စီတပ်က ကော့သောင်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ပြီး နေအိမ်မီးရှို့

July 18, 2024

ပုံစာ - ခမောက်ကြီးမြို့တွင်းတစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

စစ်ကောင်စီတပ်က ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ခမောက်ငယ်ရွာ အုပ်စုအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့ နံနက်က ကော့သောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၆၂ တပ်ရင်းမှ အင်အား ၃၀ ခန့်ပါသည့် စစ်ကြောင်းက ခမောင်ငယ်ကျေးရွာအုပ်စုရှိ ရွာသစ်ရွာကိုရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅ ဆောင်ခန့် မီးလောင်ပျက်စီးသွားပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“သူတို့(စကစ)က ရွာကိုဝင်လာပြီး ရွာထဲကနေအိမ်မှာရှိနေသူတွေကို နှင်လွှတ်ပြီးတော့ နေအိမ်တွေကို မီးရှို့တယ်ပေါ့နား(နော်)။ မီးရှို့ပြီးတော့ သူတို့ကပြန်ထွက်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

ယင်းနေ့ နံနက် ၈နာရီခန့်တွင်လည်း ခမောက်ငယ်ကျေးရွာအုပ်စု ပျိုးခင်းကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး ၅ချက် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့က ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်များမှာ ပျိုးခင်းကျေးရွာ ရော်ဘာခြံများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရော်ဘာပင်များ ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

သို့ရာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့သလို နေအိမ်ပျက်စီးမှုလည်း မရှိခဲ့ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ဒေသခံနေအိမ်များကိုမီးရှို့ဖျက်ဆီးချိန်နှင့် လက်နက်ကြီးပစ်ခတ်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ်မီးရှို့ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းမှာ စစ်ကောင်စီတပ်က ပြည်သူများ၏ အိုးအိမ်ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိလုပ်နေခြင်းသာဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။

စစ်ကောင်စီတပ်၏ ၂၆၂ ခြေလျင်တပ်ရင်းမှာ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၀) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းဖြစ်သည်။