BREAKING
September 7, 2024

ချောင်းဆုံတွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် စစ်ကောင်စီ စတင်လုပ်ဆောင်

July 18, 2024

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရက စတင်လုပ်ဆောင်နေပြီး မြေနေရာများ အဓမ္မ လိုက်လံဝယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ချောင်းဆုံတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းအကောင်အထည်ဖော်မည့် အကြောင်းကို စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဇွန်လ ၂၄ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

စစ်ကောင်စီက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ချောင်းဆုံမြို့နယ်၊ ကလွီကျေးရွာနှင့် ဒရယ်ကျေးရွာကြားတွင် အကောင်အထည်ဖော်ရန် လျာထားသည်။

ကျောက်မီးသွေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် လက်ရှိတွင် မွန်ပြည်နယ်အာဏာပိုင်များနှင့် နီးစပ်သူတို့က မြေများကို အတင်းအဓမ္မ လိုက်လံဝယ်ယူနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က (မြေဝယ်သူ) ဒီမြေကို ဝယ်မယ် ရောင်းမလား။ မရောင်းဘူးလား ရောင်းရင်တော့ သူတို့‌ ပေးသလောက်ကိုယူ မရောင်းဘူးဆိုရင် သူတို့က ဒီမြေကို ယူမှာပဲ အဲလိုပုံစံဖြစ်နေတော့ မရောင်းလို့မရတဲ့အခြေအနေဖြစ်တော့ ရောင်းရတယ်။ သူတို့ ပေးသလောက်ကိုပဲ ယူပြီး ပေးရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျောက်မီးသွေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် မြေဧက ရာနှင့်ချီကို စစ်ကောင်စီဘက်က ရရှိထားပြီး ရှင်းလင်းမှု လုပ်ဆောင်နေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

“ကျွန်တော်တို့ဆီမှာ ကျောင်းမီးသွေးစက်ရုံဆောက်မယ်ဆိုတာကို သတင်းတွေ တက်လာမှ သိရတယ်။ ဘာမှ အသိပေးတာမရှိပါဘူး။ မြေတွေ လိုက်ဝယ်နေတာ ဘာညာတော့ရှိနေတယ်။ အခုက ဘယ်တော့ လုပ်မလဲဆိုတာ ဘယ်သူမှလည်း မသိဘူး” ဟု အခြားချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကျောက်မီးသွေးစက်ရုံစီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပတ်သက်ဆက်နွယ်သည့်ကုမ္ပဏီတစ်ခုတို့က ပူးပေါင်းလုပ်ဆောင်မည်ဟု သတင်းထွက်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီဘက်ကလည်း ကျောက်မီးသွေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်မည့်အကြောင်းကိုသာ ထုတ်ဖော်ပြောဆိုထားပြီး စီမံကိန်းနှင့် ပတ်သက်သည့်အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ချောင်းဆုံတွင် အကောင်အထည်ဖော်မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ဒေသခံအများစုတို့က လက်မခံနိုင်ကြသော်လည်း ကန့်ကွက်ရန်အတွက် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် ၂၀၁၃ ခုနှစ်ခန့်က ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းအကောင်အထည်ဖော်ရန် လျာထားခဲ့ဖူးသော်လည်း ဒေသခံတို့၏ ကန့်ကွက်မှုကြောင့် စီမံကိန်းအကောင်အထည်ဖော်မှု အစီအစဉ်ကို ယနေ့အထိ ရပ်နားထားခဲ့ရသည်။