BREAKING
November 27, 2024

ထားဝယ်တွင် ကွမ်းသီးအနုဈေးရ

July 18, 2024

ပြည်ပက ဝယ်လက်များ လာရောက်ဝယ်မှုကြောင့် ယခုနှစ်တွင် ကွမ်းသီးအနုဈေးကောင်းရနေကြောင်း ဒေသခံများနှင့် ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။

သို့သော် ကွမ်းသီးအနုမှာ လိုအပ်သည့် ပမာဏအတိုင်း ဝယ်မရဖြစ်နေကြောင်း ပွဲရုံလုပ်ငန်းရှင် အချို့က ဆိုသည်။

ပြီးခဲ့သည့်နှစ် ရာသီအစပိုင်းတွင် ကွမ်းသီးအနုဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀၀ ခန့်မှ ၅၀၀၀ ခန့်အထိသာ စျေးရှိပြီး နောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေကြောင့် ဝယ်လက်များလုံးဝ မဆင်းလာတော့သဖြင့် ကွမ်းသီးနုဝယ်သူပင် မရှိဖြစ်ခဲ့ကြောင်း ၎င်းတို့ ထံမှ သိရသည်။

ဒေသခံများမှာ မိုးကာလ စားဝတ်နေရေးအတွက် ကွမ်းသီးအနုခူးရောင်းလိုသော်လည်း ဝယ်လက်မရှိသဖြင့် မရောင်းခဲ့ရပေ။

ယခုနှစ်တွင် ကွမ်းသီးနုဝယ်လက်များ ပြန်ဆင်းလာသဖြင့် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျော်အထိ စျေးရလာပြီး တစ်လုံးလျှင် ၆၅ ကျပ်မှ ၉၇ ကျပ်ခန့်အထိ စျေးရှိကြောင်း မြိတ်မြို့က ကွမ်းသီးအနုဝယ်ယူသည့် ကိုဝင်းညွန့်ပွဲရုံ ပိုင်ရှင် အမျိုးသမီးက ဆိုသည်။

“ဈေးကတော့ မငြိမ်ဘူး။ ဝယ်လက်ဆင်းလာတဲ့အချိန်မှာ ဈေးတွေ တရှိန်ထိုး ထိုးတက်သွားတယ်။ ဝယ်လက်ပြန်သွားတော့ ဈေးက ပြန်ကျလာတယ်။ မနှစ်ကနဲ့ ရှေ့တနှစ်ကထက်တော့ ဈေးပိုရနေတယ်” ဟု ၎င်းက ပြောသည်။

သို့သော် မြိတ်ခရိုင်တွင် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အချို့ဒေသများတွင် ကွမ်းသီးအနု ခူးရောင်းသူ မရှိသဖြင့် လိုအပ်သည့် ပမာဏ ဝယ်မရဖြစ်နေကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုသည်။

“ခါတိုင်းဒီချိန်ဆို အောတိုက်ရနေပြီ။ မိုးကလည်းကောင်းနေပြီ။ သူ့ရဲ့ အသီးကလည်း ကျွန်မတို့လိုချင်တဲ့ ဆိုဒ်လည်းရနေပြီ။ ဒါပေမဲ့ အခုကျတော့ ကိုယ်လိုချင်တဲ့ ပမာဏအတိုင်း မရဘူးပေါ့နော်။ ဒီဘက်ခြမ်းမှာလည်း သိပ်ငြိမ်တဲ့ အတိုင်းအတာ မရှိဘူး ဆိုတော့ သိပ်မခူးကြဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ကွမ်းသီးအနုကို တရုတ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများက ဝယ်ယူကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်အရှေ့တောဒေသတွင် ကွမ်းသီးအနုတစ်လုံးကို ၆၀ ကျပ်၊ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ခန့် စျေးရှိကြောင်း ကွမ်းသီးအနု ဝယ်နေသည့် ပွဲရုံကိုယ်စားလှယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

လမ်းနှင့်နီးသည့် ဥယျာဉ်ခြံများကို ကွမ်းသီးနုတစ်လုံးလျှင် ၆၀ ကျပ်ပေးပြီး လမ်းနှင့်ဝေးပြီး ဥယျာဉ်ခြံများဆိုလျှင် သယ်ယူစရိတ်နုတ်ကာ တစ်လုံးလျှင် ၄၀ ကျပ် ပေးဝယ်နေကြောင်း ၎င်းက ပြောဆိုသည်။

“ဒါပေမဲ့ (လမ်းနဲ့နီးတဲ့) ဝင်လို့ ရတဲ့နေရာက ခြံတွေကိုပဲ ဝယ်တယ်။ နည်းနည်းဝေးတဲ့ ခြံတွေဆို မဝယ်ဘူး။ ကိုယ့်အသက်နဲ့ မြတ်မယ့်ဟာနဲ့ မလဲနိုင်ဘူး” ဟု အထက်ပါ ပွဲရုံကိုယ်စားလှယ် အမျိုးသမီးက ပြောသည်။

သရက်ချောင်းမြို့နယ် ဆင်ကျန်းကျေးရွာတွင်မူ ပြီးခဲ့သည့်တစ်ပတ်က ကွမ်းသီးအနု တလုံးကို ကျပ် ၈၀ နှင့် ၁၀၀ ကြားတွင် ဈေးရခဲ့ပြီး တစ်ပိဿာကို ကျပ် ၇၀၀၀ ကျော်အထိရရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုနှစ်နွေတွင် ရာသီဥတုပူပြင်းမှုကြောင့် အသီး မသီးနိုင်သလို စစ်ပွဲကြောင့်လည်း ကွမ်းသီးပင်များ သေကြေပျက်စီး သောကြောင့် ကွမ်းသီးအနု မရှိကြောင်း ဝကုန်းကျေးရွာက ကွမ်းခြံပိုင်ရှင် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ရွာမှာ ကျည်ဆန်ထိ၊ လက်နက်ကြီးကျလို့ ကွမ်းသီးပင်တွေသေတာသေ၊ မိုးလေလာတော့ ကျိုးကျတာကျိုးကျနဲ့ ကွမ်းသီးနု မဆွတ်ရောင်းနိုင်ဘူး။ နွေတည်းကလည်း နေက တအားပူခဲ့တော့ ဆွတ်ရောင်းဖို့အသီးကို မရှိတာ” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့်လည်း ဒေသခံများမှာ ရွာနှင့်အလှမ်းဝေးသည့် ဥယျာဉ်ခြံထဲကို မသွားလာရဲ ကြသဖြင့် ကွမ်းသီးအနု ခူးပြီး မရောင်းနိုင်ဖြစ်လာကြောင်း ကွမ်းသီးစိုက် တောင်သူတို့ထံမှ သိရသည်။

တိုင်းအတွင်း နှစ်ဖက်တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှုတို့ကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရမှု ပိုများလာသည်။