BREAKING
January 17, 2025

တနင်္သာရီ စစ်ဘေးရှောင်များ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောတစ်ပြိုင်တည်းဖြစ်နေ

July 18, 2024

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များသည် ယခုမိုးတွင်းရာသီတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက် ဝမ်းလျှော ရောဂါတို့ တစ်ပြိုင်နက်ဖြစ်နေကြကြောင်း နွေဦးမေတ္တာ – စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်အတွင်းရှိ ဖျားနာသည့် စစ်ဘေးရှောင်အများစုသည် အဖျားတက်ပြီးနောက်ပိုင်း ၅ ရက်မှ ၇ ရက်ခန့်အကြာတွင် ငှက်ဖျား သို့မဟုတ် သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာဖြစ်လာကြကြောင်း အဖွဲ့ထံမှ သိရသည်။

အဖျားရှိသော စစ်ရှောင်အများစုသည် ရက်အနည်းငယ်အကြာတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်လာပြီး ငှက်ဖျားရောဂါပါ တစ်ပြိုင်တည်းသို့မဟုတ် တစ်လှည့်စီ ဖြစ်နေကြကြောင်း နွေဦးမေတ္တာအဖွဲ့ဝင် တစ်ဦးက ပြောသည်။

“သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားဆိုရင် သွေးလွန်တုပ်ကွေးလက္ခဏာအရင်ပြတယ်။ ပြပြီးမှ ငှက်ဖျားပြသမားရှိတယ်။ တချို့ လူနာကျတော့လည်း ငှက်ဖျားအရင်ပြပြီးမှ သွေးလွန်တုပ်ကွေးပြန်ပြတဲ့လူနာရှိတယ်” ဟု အဖွဲ့ဝင်အမျိုးသမီးက ဆိုသည်။

စစ်ဘေးရှောင်အချို့က ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီးနောက် ငှက်ဖျား သို့မဟုတ် သွေးလွန်တုပ်ကွေးရောဂါ ထပ်ဖြစ်ကြကြောင်း ၎င်းက ပြောဆိုသည်။

“ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ကြတယ်။ ဝမ်းသွားနေရင်း အားနည်းလာပြီးတော့ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးဖြစ်လာတဲ့ သူတွေလည်း ရှိနေတယ်။ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေထဲ ဝမ်းသွားနေတဲ့သူတွေလည်း ရှိတယ်။ သူတို့ သုံးခုစလုံးက ဆက်စပ်နေတဲ့ ပုံစံမျိုးကို တွေ့ရတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

လက်ရှိ သိန္ဒော ခဲမိုင်းလုပ်ကွက်ဘက်တွင် ရွာလုံးကျွတ် ရောဂါဖြစ်နေကြပြီး တကူ၊ သာရဘွင်ရွာတို့ဘက်တွင်မူ ယခင်လကထက် အနည်းငယ်လျော့နည်းလာနေကြောင်း အဖွဲ့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် ပိတ်ဆို့ထားသဖြင့် သိန္ဒောဘက်သို့ ဆေးဝါးနှင့် ငှက်ဖျားစစ်သော ကိရိယာများ အလုံအလောက်မရှိဘဲ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

လက်ရှိ တနင်္သာရီမြို့နယ်တွင် ဆေးဝါး လုံလုံလောလောက်မရှိသဖြင့် ကျေးရွာအချင်းချင်း ဆေးဝါးနှင့် ငှက်ဖျား စစ်ဆေးသော ကိရိယာများ မျှဝေသုံးစွဲနေကြရကြောင်း အဖွဲ့တာဝန်ရှိသူက ပြောသည်။

“ဆရာမတွေက ဆေးစာရင်းရေးပေးလိုက်တယ်လေ။ အဲဒီလိုရေးပေးလိုက်တဲ့ ဆေးအညွှန်းတွေ ကိုင်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် တစ်ကျွန်းလုံး လိုက်ပတ်မှ ဆေးတွေ နည်းနည်း စုံစုံရတယ်။ အရင်တုန်းကလို တစ်ဆိုင်တည်းမှာ ဆေးတွေ ပစ္စည်းတွေ စုံစုံမရတော့ဘူး” ဟု အဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိ နွေဦးမေတ္တာအဖွဲ့က လစဉ်ကူညီနေသော အမြဲတမ်းစစ်ရှောင်ဦးရေ ၂၈၀ ကျော်ရှိနေပြီး အခြားရွာများတွင်လည်း ဆေးဝါးနှင့် ကျန်းမာရေးအပါအဝင် ရိက္ခာအကူအညီများ ပေးနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်အများစုသည် ရိက္ခာလုံလောက်မှုမရှိသဖြင့် စိတ်သောကဖြစ်နေကြပြီး လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကြောင့်လည်း စိတ်ကျန်းမာရေး ထိခိုက်မှုများရှိနေကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

အလားတူ ထားဝယ်အရှေ့တောဒေသရှိ စစ်ဘေးရှောင်စခန်းတွင်လည်း ငှက်ဖျားရောဂါဖြစ်ပွားမှုမြင့်တက်နေကြောင်း ဒေါနတင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။

“ငှက်ဖျားကတော့ အရင်နှစ်တွေကထက် ပိုအဖြစ်များနေတယ်” ဟု ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေဖြူမြို့နယ် ရာဖူးကျေးရွာအနီးဝန်းကျင်ရှိ စစ်ဘေးရှောင်များတွင်မူ ရာသီတုပ်ကွေးဖြစ်ပွားမှု ပိုများသည်ဟုဆိုသည်။

“လက်ရှိကျန်းမာရေးအပိုင်းက ရာသီတုပ်ကွေးဖြစ်နေတာရှိတယ်။ ချောင်းဆိုး နှာစည်းတဲ့ လက္ခဏာတွေနဲ့ပေါ့ ။ ကလေးတွေမှာ အဖြစ်များပါတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ အမျိုးသမီးတစ်ဦး ပြောသည်။

ပြီးခဲ့သည့် ဇွန်လအထိကမူ ၎င်းတို့နေရာတွင် ငှက်ဖျားရောဂါအဖြစ်များခဲ့သေးကြောင်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သော ဇွန်လက တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်ဦးရေ ၅၁၀၀၀ ကျော်ရှိခဲ့ပြီး တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် ၈၀၀၀ နီးပါးရှိခဲ့ကြောင်း FE5 Tanintharyi အစီအရင်ခံစာအရ သိရသည်။