BREAKING
January 17, 2025

မြိတ်မြို့တွင် တံတား‌အောက်နေရသည့် မိသားစုကို ပရဟိတအသင်းက ကယ်တင်ထားရ

July 18, 2024

မြိတ်မြို့တွင် နေထိုင်ရန် နေရာမရှိသဖြင့် တံတားအောက်တွင်နေထိုင်နေရသော မိသားစုဝင် လေးဦးကို ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်း-မြိတ်မြို့က ‌ခေါ်ယူစောင့်ရှောက်ထားရကြောင်း အဆိုပါအသင်းထံမှ သိရှိရသည်။

ရက်ပိုင်းမျှသာရှိသေးသည့် မွေးကင်းစ ကလေးတစ်ဦး၊ အသက် ‌၇ နှစ်ရွယ်တစ်ဦးအပါအဝင် မိသားစုဝင်လေးဦးသည် မြိတ်မြို့ ထားဝယ်ကမ်းရပ်ကွက် ထားဝယ်ကမ်းတံတားအောက်တွင် နေထိုင်နေခြင်းဖြစ်ကြောင်း ‌အထက်ဖော်ပြပါ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့ မိသားစုသည် အိမ်ငှားဖြင့်နေထိုင်ရာမှ အလုပ်အကိုင်မယ်မယ်ရရ မရှိ၊ ဝင်ငွေမရှိသောကြောင့် အိမ်ငှားခမပေးနိုင်သဖြင့် အိမ်ပေါ်မှဆင်းလာကြသူများဖြစ်ကြောင်း အဆိုပါအသင်ထံမှ သိရသည်။

‌အိမ်ပေါ်မှ ဆင်းလာစဉ် အမျိုးသမီးဖြစ်သူမှာ ကိုယ်ဝန်နေ့စေ့လ‌စေ့ဖြစ်နေပြီဖြစ်သည်။

နောက်ဆုံးတွင် နေစရာမရှိသဖြင့် သံကူကွန်ကရစ်ဖြင့် ဆောက်လုပ်ထားသော ထားဝယ်ကမ်းတံတားအောက်တွင် သစ်သားအဟောင်းများ၊ အဝတ်ဟောင်းများကို အသုံးပြုကာရံပြီး နေထိုင်နေကြခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုသို့တံတားအောက်တွင်နေထိုင်စဉ် အမျိုးသမီးဖြစ်သူမှာ ကိုယ်ဝန်ဗိုက်နာလာသဖြင့် အသိမိတ်ဆွေ၏ အိမ်တွင် ကလေးသွားရောက်မွေးဖွားခဲ့ရကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

အသိအိမ်တွင် ကလေးမွေးဖွားပြီး သုံးရက်မြောက်နေ့တွင် တံတားအောက်သို့ ပြန်လာပြီးနေထိုင်ကြခြင်းဖြစ်သည်။

“အခုဆို သူတို့တွေ တံတားအောက်မှာ နေနေတာ ရက် ၂၀ လောက်ရှိနေပြီ” ဟု ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

က‌လေးမီးဖွားပြီး တံတားအောက်တွင်နေထိုင်နေသည်ကို ဒေသခံတစ်ဦးက တွေ့ရှိပြီး Facebook လူမှုကွန်ရက် ပေါ်တင်လိုက်ရာမှ သိရှိသွားပြီး လူမှုအထောက်အကူပြုအသင်းက ဇူလိုင်လ ၁၇ ရက်နေ့တွင် သွားရောက်ကယ်ဆယ်ထားခြင်းဖြစ်သည်။

‌လတ်တလောတွင် အဆိုပါမိသားစုအား အသင်းရုံးခန်းတွင် ယာယီစောင့်ရှောက်ထားပြီး အများပြည်သူအလှူငွေများဖြင့် အိမ်ခန်းငှားရမ်းပေးရန် စီစဉ်နေကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“တစ်နှစ်စာ စပေါ်နဲ့ အိမ်ခန်းငှားပေးမလို့ စီစဉ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

မွေးကင်းစကလေးအားလည်း ကျန်းမာရေးစစ်ဆေးပေးထားပြီး ကျန်းကျန်းမာမာရှိနေကြောင်း‌ဆိုသည်။

အဆိုပါမိသားစုအတွက် လှူဒါန်းလိုသူများအနေဖြင့် ရွှေရောင်နေ့သစ်လူမှုအထောက်အကူပြုအသင်းဖုန်းနံပါတ် 09775609499 သို့ ဆက်သွယ်နိုင်ကြောင်း အသင်းထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အထွေထွေကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ပြီး အခြားတစ်ဖက်တွင်မူ အလုပ်အကိုင်အခွင့်လမ်းများ နည်းပါးသထက်နည်းပါးလာခဲ့သည်။

၂၀၂၄ မတ်လ ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံလူဦးရေး၏ ၃၂ ရာခိုင်နှုန်းနှင့် ညီမျှသည့် ပြည်သူ ၁၇ သန်းကျော်မှာ ဆင်းရဲနွမ်းပါးသည့်အခြေအနေသို့ ရောက်ရှိ‌လာနေကြောင်း ဖော်ပြထားသည်။

ကျန်သည့်ပြည်သူများအနက် သုံးပုံတစ်ပုံမှာလည်း ဆင်းရဲနွမ်းပါးသည့် အခြေအနေသို့ ဆိုက်ရောက်နိုင်ခြေမြင့်မားနေကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။