BREAKING
January 17, 2025

ပုလောစစ်ကြောင်း-၁ မြို့နယ် ပကဖ လက်အောက်ကိုဝင်

July 18, 2024

ပုံစာ - ပကဖ တိုင်းတာဝန်ခံနှင် ပုလောပကဖ ရဲဘော်များ တွေ့ဆုံစဉ် (ပုံဟောင်း)

ပုလောမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပုလောစစ်ကြောင်း-၁ သည် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) လက်အောက်သို့ ဝင်ရောက်ပြီး တိုက်ခိုက်ရေးတာဝန်များထမ်းဆောင်နေပြီဖြစ်ကြောင်း ဇူလိုင်လ၁၆ရက်တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဇွန်လ ၃ရက်တွင် ပုလော မြို့နယ် ပကဖ ရပ်နားလိုက်ရသည့်အချိန်၌ ပကဖရဲဘော်များကို ပုလောစစ်ကြောင်း-၁ အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယခင်က ပုလောမြို့နယ် ပကဖကို တပ်ဖွဲ့ ၁၂ခုဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၃ ဇွန်လ ၃ရက်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ယာယီရပ်နားခဲ့ရကြောင်း မြို့နယ်ပကဖ တာဝန်ခံက ပြောသည်။

ထို့နောက် တနင်္သာရီမြို့နယ်ဘက်တွင် ယာယီအခြေပြုခဲ့ရာမှ ယခုနှစ်ဇွန်လ ၁၅ရက်ကစပြီး ပုလောမြို့နယ်တွင် ပြန်လည် လှုပ်ရှားလာခြင်းဖြစ်ကြောင်း အဆိုပါစစ်ကြောင်းထံမှ သိရသည်။

ပုလောစစ်ကြောင်း-၁ ကို မဟာမိတ်အဖွဲ့ဖြစ်သည့် KNU က စုဖွဲ့ပေးထားခြင်းဖြစ်ကြောင်း စစ်ကြောင်းထံမှ သိရသည်။

ယခုကဲ့သို့ မြို့နယ် ပကဖအောက်သို့ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် တိုက်ခိုက်ရေးတာဝန်အပြင် လုံခြုံရေးတာဝန် များပါ ထမ်းဆောင်နိုင်မည်ဖြစ်သည့်အတွက် ပြည်သူလူထုနှင့် နီးကပ်မှု ပိုရှိလာကြောင်း ပုလောစစ်ကြောင်း-၁ ၏ ဒုစစ်ကြောင်းမှူး ရဲဘော်ကျော်ဇောက ဆိုသည်။

“ပကဖအဖြစ် ကိုယ်ပိုင်နံပါတ်က ငါးလပိုင်းကတည်းကရခဲ့ပေမယ့် အဆင့်ဆင့်တင်ပြရတာ မြေပြင်မှာလုပ်ဆောင်မှု မပြီးပြတ်သေးတာတွေကြောင့် အခုထုတ်ပြန်ရတာပါ” ဟု ရဲဘော်ကျော်ဇောက ပြောသည်။

ရဲဘော်ကျော်ဇောမှာ ပုလောစစ်ကြောင်း-၁၏ ဒုစစ်ကြောင်းမှူးဖြစ်ခဲ့ပြီး ပုလော ပကဖ သို့ ပြန်လည်ဝင်ရောက် လာပြီး နောက်တွင် ပကဖ၏ မြို့နယ်တိုက်ခိုက်ရေးခေါင်းဆောင်အဖြစ် ထမ်းဆောင်နေသည်။

ပုလောစစ်ကြောင်း-၁ က ပကဖ အဖွဲ့တွင်းသို့ ဝင်ရောက်လာသည်မှာ မှန်ကန်ပြီး ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စများရှိသေးသည့်အတွက် အသေးစိတ် မထုတ်ပြန်ဖြစ်သေးကြောင်း ပုလောမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။

“လက်ရှိမှာ မြို့နယ်အဆင့်အဖြစ် စုဖွဲ့မှုလုပ်ငန်းအနေနဲ့ လုပ်ဆောင်စရာတွေ ရှိနေသေးတော့ အသေးစိတ်မထုတ်ပြန် ဖြစ်သေးတာပါ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ပကဖ အောက်တွင် မရှိသေးသည့် အခြားတပ်ဖွဲ့များလည်း စုဖွဲ့မှုတွင် ပါဝင်လာစေရန် လုပ်ဆောင်နေကြောင်း ပုလောမြို့နယ် ပကဖ တာဝန်ခံက ဆက်လက်ပြောဆိုသည်။

တပ်ဖွဲ့များကို စုဖွဲ့မှုတစ်ခုတည်းအဖြစ် ပေါင်းစည်းလာနိုင်ခြင်းကြောင့် COC (အမိန့်ပေးကွပ်ကဲမှု) အပိုင်းတွင် ပိုမို အားကောင်း လာနိုင်ပြီး စစ်ရေးတွင်လည်း လက်ရှိအချိန်ထက်ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီက ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားသည့် ဒေသတစ်ခုလည်းဖြစ်သည်။