BREAKING
February 26, 2025

မနက်ဖြန် ဝန်ကြီးချုပ်ရွေးချယ်ပွဲမစခင် ပီထာကိုတိုင်ကြားထားမှု ခုံရုံးဆုံးဖြတ်မည်

July 18, 2023

ရွေးကောက်ပွဲကော်မရှင်က ပီထာကို iTV ရှယ်ယာပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားရန် တိုင်ကြားမှုကို အခြေခံဥပဒေခုံရုံးက မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် လက်ခံမခံ ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ခုံရုံး၏ ဆွေးနွေးပွဲသည် ဒုတိယအကြိမ် ဝန်ကြီးချုပ်အသစ်ခန့်အပ်ရန် လွှတ်တော်အတွင်း လွှတ်တော်အမတ်များ မဲပေးရွေးချယ်မှု မတိုင်မီ နာရီပိုင်းအလိုတွင် ဖြစ်ကြောင်း ဖော်ပြထားသည်။

ညွ့န်ပေါင်းပါတီ ၈ ပါတီကလည်း ပီထာကို ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံ အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

အကယ်၍ အခြေခံဥပဒေခုံရုံးက ရွေးကော်၏ တိုင်ကြားမှုကို လက်ခံရန် ဆုံးဖြတ်ခဲ့ပါက နောက်ထပ် အမိန့်မချခင်အချိန်အထိ ပီထာသည် လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းခံရနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။

ယင်းအမှုကို ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲမတိုင်ခင် တစ်ရက်အလို ဇူလိုင်လ ၁၂ ရက်နေ့တွင် အခြေခံဥပဒေခုံရုံးထံသို့ တိုင်ကြားထားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က ပီထာကို မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အနေဖြင့် ရွေးကောက်ခံခွင့်မရှိဟူသော စွပ်စွဲချက်ဖြင့် ခုံရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ညွန့်ပေါင်း ၈ ပါတီအဖွဲ့ဝင် Pheu Thai ပါတီကလည်း အကယ်၍ ပီထာသာ ထပ်မံရှုံးနိမ့်ခဲ့ပါက Pheu Thai ပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် Srettha Thavisin ကို အမည်စာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်း Paetongtarn Shinawatra ကပြောကြားထားသည်။

ပီထာကလည်း ဒုတိယအကြိမ်တွင် ယခင်က ရရှိခဲ့သော ထောက်ခံမဲ ၃၂၄ မဲထက် ၁၀ ရာခိုင်နှုန်းပိုသော ထောက်ခံမဲ ၃၄၅ မဲသာ ရရှိခဲ့ပါက နောက်ထပ်တစ်ကြိမ် သူ့အတွက် အခွင့်အရေးရှိသင့်ကြောင်း ဆိုထားသည်။

Ref: Khaosod English, Thai Enquirer