BREAKING
January 19, 2025

စစ်ကောင်စီလက်နက်ကြီးကြောင့် တနင်္သာရီ အနောက်မော်တုန်းရွာအုပ်စုတွင် အမျိုးသားသုံးဦးဒဏ်ရာရ

June 18, 2024

ပုံစာ - ဒဏ်ရာရသည့် ဆယ်ကျော်သက်လူငယ်။ ဓာတ်ပုံ - ပေးပို့

တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာအုပ်စုတွင် ဇွန်လ ၁၇ ရက်က စစ်ကောင်စီ အမြောက်တပ်ရင်း ၃၀၆ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရကြောင်း ရွာသားများထံမှ သိရသည်။

ဇွန်လ ၁၇ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက အမတ ၃ဝ၆ တပ်ရင်းအနီးသို့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီးနောက် နံနက် ၁၁ နာရီခွဲကစ၍ ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီး ၁၀ ချက် ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

အရှေ့မော်တုန်းနှင့် အနောက်မော်တုန်းကျေးရွာအုပ်စုအတွင်းရှိ ဘန်းလမွတ်၊ ထုံနွယ်၊ နန်းစိမ့်ပြင်၊ ညောင်ဇင်တောင်နှင့် အန္ဓာပြင် ကျေးရွာများဘက်သို့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“စစ်တပ်က ရမ်းပြီးလိုက်ပစ်တာ၊ ရွာတစ်ရွာ ၂ ချက်လောက်ပစ်တယ်” ဟု အရှေ့မော်တုန်းရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် နန်းစိမ့်ပြင်ရွာက ဆယ်ကျော်သက် အမျိုးသားတစ်ဦးနှင့် သက်ကြီးပိုင်းအမျိုးသား နှစ်ဦးတို့ ကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတို့ကို မေးမြန်းချက်များအရ သိရသည်။

“ကောင်လေးမှာက ပေါက်နဲ့ နောက်ကျောမှာ ဒဏ်ရာများတယ်။ လူကြီးနှစ်ယောက်ကတော့ အစစင်တဲ့ ဒဏ်ရာလောက်ပဲ၊ မစိုးရိမ်ရဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။

ယင်းအပြင် အန္ဓာပြင်ရွာတွင်လည်း နှစ်ထပ်လူနေအိမ်တစ်လုံး လက်နက်ကြီးကျည်ထိမှန်၍ အောက်ထပ်ပျက်စီးကာ အိမ်ထောင်ပရိဘောဂများလည်း ပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၈ ရက်တွင်မူ မော်တုန်းကျေးရွာအုပ်စုတွင် ပစ်ခတ်မှုများ မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင်လည်း ဇွန်လ ပထမအပတ်က စစ်ကောင်စီလက်နက်ကြီးကြောင့် လသားအရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် လေးဦး‌သေဆုံးပြီး အရပ်သား သုံးဦးထက်မနည်း ဒဏ်ရာရခဲ့သေးသည်။