BREAKING
October 19, 2024

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၅၀ကျော် ဖမ်းဆီးခံရ

June 18, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၅၆ ဦး ဇွန်လ ၁၇ ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဘုရားသုံးဆူနယ်စပ်ဖြစ်သော စန်ခရာဘူရီဒေသရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ရှောင်ရန်အတွက် တောထဲတွင် အုပ်စုလိုက် လမ်းလျှောက်နေကြသော မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် ကလေးငယ်များ အပါအဝင် အမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး ၁၈ ဦးပါဝင်ပြီး အားလုံးသည် ထိုင်းစကားမပြောတတ်သလို အထောက်အထား စာရွက်မရှိသူများဖြစ်ကြောင်း သတင်းများက ဆိုသည်။

အဆိုပါမြန်မာများကို စန်ခရာဘူရီရဲစခန်းသို့ ခေါ်သွားပြီး ဘာသာပြန်မှတစ်ဆင့် မေးမြန်းရာ ၎င်းတို့သည် ရန်ကုန်၊ မော်လမြိုင်၊ မုဒုံ၊ ရေးစသော မြို့နယ်တို့မှ လာရောက်ကြသော မြန်မာနိုင်ငံသားများဖြစ်နေကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန်အတွက် ဘုရားသုံးဆူမြို့မှတစ်ဆင့် တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ကြ သည်ဟု မြန်မာများက ထိုင်းရဲတပ်ဖွဲ့ထံတွင် ဝန်ခံထားကြောင်း သတင်းများတွင် ရေးသားထားသည်။

ခရီးစဉ်အတွက် ပွဲစားကို တစ်ဦးစီလျှင် ဘတ် ၁၆၀၀၀ ခန့် ပေးချေထားကြပြီးဖြစ်ကြောင်းလည်း ဖြေကြားထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သော ဇွန်လ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဖိကျစ်ခရိုင်ရှိ အမြန်လမ်းမပေါ်တွင် ပါဂျဲရိုးအိမ်စီးကားတစ်စီးဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၁ ဦး ဖမ်းဆီးခံရသေးသည်။

Ref: ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี, MGR Online