BREAKING
January 6, 2025

ခဲမိုင်းများကြောင့် ဇာဒီချောင်းပျက်စီးလာ၍ ချောင်းကိုအမှီပြုနေသည့် ဒေသခံများအခက်ကြုံ

June 18, 2024

ပုံစာ - ဇာဒီချောင်းအတွင်း ငါးဖမ်းနေသော ဒေသခံများ (ပုံဟောင်း)။ ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာနှင့် ဖက်တောင်ရွာတို့တွင် ခဲမိုင်းများ အလွန်အကျွံလုပ်ကွက်ဖော် လုပ်ကိုင်နေမှုကြောင့် ဇာဒီချောင်းပျက်စီးလာနေပြီး ချောင်းကို အမှီပြုနေထိုင်ကြသည့် ဒေသခံများ အခက်အခဲကြုံ နေရကြောင်း ဇာဒီရွာသားများထံက သိရသည်။

ပယကျေးရွာဘက်မှ ချောင်းဖျားခံ၍ ဇာဒီချောင်းဝမှ တစ်ဆင့် ပင်လယ်အထဲသို့ စီးဝင်သည့် ရေချိုရေငန်စပ် ဇာဒီချောင်း တွင် ငါးနှင့် ဂုံး၊ ယောက်သွား စသည့် ပင်လယ်ခရု အမျိုးအစား ဆယ်မျိုးထက်မနည်း ရရှိကြောင်း ခရုကောက်လုပ်ငန်းဖြင့် အသက်မွေးသည့် ဇာဒီရွာသားတစ်ဦးက ပြောသည်။

“ဇာဒီအနောက်ကုန်းတစ်ခုလုံးက ရှပ်ကောက် (ခရုကောက်) တာနဲ့ အသက်မွေးတာလေ။ အခုက ချောင်းထဲမှာ ရေနီတွေ နုန်းတွေဆင်းတော့ ခရုတွေလည်းသေတယ်။ နောက်ထပ်လည်း မလာကြတော့ဘူး။ ရေနီကတော့ မိုးကြီးရင် အလုံးလိုက် စီးပါလာတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ချောင်းအတွင်း နုန်းရေဝင်ရောက်မှုကြောင့် လယ်လုပ်ကွက်အချို့လည်း ထိခိုက်ကြောင်း လယ်လုပ်ကိုင်သူများ ထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် ပယရွာနှင့် ဖက်တောင်ရွာများတွင် တရားမဝင် ခဲသတ္တုလုပ်ကွက် အများအပြား ရောက်ရှိလာကြောင်းဒေသခံတို့က ဆိုသည်။

ယင်းခဲသတ္တုလုပ်ကွက်များသည် မောရဝတီရေတပ်ချုပ်စခန်းဌာနချုပ်နှင့် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ခွင့်ပြုချက်ဖြင့် ဥယျာဉ်ခြံမြေများကို ဝယ်ယူ၍ ပြုလုပ်နေခြင်းဖြစ်ကြောင်း သတ္တုလုပ်ကွက်လုပ်ကိုင်သူများနှင့် နီးစပ်သူများ ထံမှ သိရသည်။

“ခဲလုပ်နေတာက ခြံကွက်တွေကို ဝယ်ပြီးလုပ်နေတာ။ လုပ်ကွက်ပမာဏ ဘယ်လောက်များလဲဆိုရင် တောစပ်က ခြံတွေ ကနေ ဝယ်ပြီးလုပ်လာလိုက်တာ အခု ကားလမ်းမနံဘေးအထိပါ ရောက်လာနေပြီ။ ပယနဲ့ ဖက်တောင်ကို ကျော်ပြီး ခွေးမဖောရွာ ဧရိယာထဲတောင် နည်းနည်းပါနေပြီ” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။

ဇွန်လပထမအပတ်တွင်မူ အဆိုပါခဲသတ္တုလုပ်ကွက်များထံသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက လုပ်ကွက်များ ဆက်မလုပ်ကိုင်ရန် သတိပေးခဲ့ပြီးနောက် လုပ်ကွက်အများစု စက်ယန္တရားများ သိမ်းဆည်း၍ ပြန်သွားကြကြောင်း ရွာသားများထံမှ သိရသည်။

ယခုနှစ်ဆန်းပိုင်းကလည်း ရေဖြူမြို့နယ်၊ မင်းသားရွာတွင် ရေချိုချောင်းထိခိုက်သဖြင့် သတ္တုလုပ်ကွက်များ ဖော်ဆောင် နေသည့် ပြည်သူ့စစ်အဖွဲ့ကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က စာထုတ်၍ သတိပေးခဲ့ဖူးသည်။

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၌ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP,2019) အစီရင်ခံစာအရ ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီထံက လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ရရှိခဲ့သည့် လုက်ကွက်နှစ်ခုရှိ‌ခဲ့ကြောင်း Tanintharyi Coalition Resource Watch ၏ ၂၀၂၄ ဇန်နဝါရီလမှ မတ်လအထိ အစီရင်ခံစာတွင် ဖော်ပြသည်။

ယင်းလုပ်ကွက်နှစ်ခုမှာ အုန်းပင်ကွင်းကျေးရွာအုပ်စုရှိ မြေ ၃၇ ဧကတွင် ပုပ္ပါးကုမ္ပဏီက ဆောက်ရွက်နေသည့် အသေးစား သတ္တုလုပ်ကွက်နှင့် ကံပေါက်ကျေးရွာအုပ်စုအနီး မြေ ၂ဝ၈၇ ဧက ပေါ်တွင်ဆောင်ရွက်နေသည့် ဒယ်ကိုကုမ္ပဏီ ၏ အကြီးစားလုပ်ကွက်တို့ဖြစ်ကြသည်။