BREAKING
November 15, 2024

မွန်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် အမျိုးသမီး ၂ ဦးသေဆုံး

June 18, 2023

မွန်ပြည်နယ် ရေးမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် တစ်ရက်အတွင်း အမျိုးသမီး၂ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က ခေါဇာအခြေစိုက် စစ်ကောင်စီ ခလရ ၃၁ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ခေါဇာမြို့နယ်ခွဲ ဝင်းတမော့(ကျောက်အိုင်)ကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ နှစ်အရွယ် မိထွေးကြည် ဦးခေါင်းကျည်ထိမှန် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

“လက်နက်ကြီးက အိမ်ပေါ်ကျပြီး ထိသွားတယ်။ ခေါင်းထိသွားတာ ပွဲချင်းပြီးသေဆုံးသွားတယ်။ မနက်ပိုင်းမှာလည်း ပစ်သေးတယ်။ ရွာအပြင်ဘက်မှာကျတော့ ထိခိုက်မှုတော့ မရှိဘူး” ဟု ခေါဇာဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ယင်းပစ်ခတ်မှုကို ၎င်းတို့ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း လာရောက်ပြောဆိုသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

သို့သော်ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဆိုခြင်းကို အတည်ပြုနိုင်ခြင်း မရှိသလို ဒေသခံ ကာကွယ်ရေးတပ်များဘက်ကလည်း တစ်စုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အမှတ် (၁) ရပ်ကွက်ထဲ လက်နက်ကြီး ကျရောက်ကွဲခဲ့မှုကြောင့် အသက် ၃၈ နှစ်အရွယ် ဒေါ်အေးအေးနွယ် ကျည်ထိမှန်သေဆုံးသွားခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိရာ ယခုလည်း အမြှောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဖြစ်နိုင်ကြောင်း ဒေသခံတို့က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားမှုအားကောင်းပြီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားနေသည့် ရေးမြို့နယ်နှင့် သထုံခရိုင်အတွင်းက ဘီးလင်း၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ကျေးရွာထဲ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိသည်။

စစ်ကောင်စီတပ်တို့မှ ကျေးရွာထဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက်ရှိလာခဲ့သည်။