BREAKING
October 18, 2024

မလေးရှားတွင် ထားဝယ်သား လှေလုပ်သားတစ်ဦး လှေပေါ်တွင် လည်ပင်းထိခိုက်မှုကြောင့် သေဆုံး

June 18, 2022

မလေးရှားနိုင်ငံရှိ ငါးဖမ်းလှေပေါ်တွင် လုပ်ကိုင်နေသော ထားဝယ်သားတစ်ဦးသည် ငါးဖမ်းထွက်နေစဉ် ဇွန်လ ၁၅ရက်နေ့တွင် မတော်တဆဖြစ်ပြီး သေဆုံးသွားကြောင်း ယင်းနိုင်ငံရှိ ရွှေမြန်မာပရဟိတအသင်းထံမှ သိရသည်။

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ဆာဗာ့ဘရနမ်ခရိုင်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်စဉ် ပိုက်တင်ချပြုလုပ်သော ခွမ်းကြိုးပြတ်၍ လည်ပင်းအားရိုက်မိသောကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

သေဆုံးသူသည် ထားဝယ်မြို့နယ် ညောင်ဇင်ရွာသား အသက် ၄၃ အရွယ် ဦးအောင်နိုင်ဆိုသူဖြစ်ပြီး မလေးရှားသို့ ရောက်ရှိသည်မှာ ၇ရက်သာ ရှိသေးကြောင်း အဆိုပါအသင်းထံမှ သိရသည်။

“သူက အရင်က ထိုင်းမှာပဲ အလုပ်လုပ်တာ။ အခုမလေးရှားမှာ သွားလုပ်တာ မကြာသေးဘူး။ အခုလိုဆုံးသွားတာ တကယ်စိတ်မကောင်းဘူး” ဟု မလေးရှားတွင် အလုပ်လုပ်နေသော ညောင်ဇင်ရွာသားတစ်ဦးက ပြောသည်။

အဆိုပါသေဆုံးမှုနှင့် ပက်သက်၍ အမှုလိုက်ရဲအရာရှိနှင့် မိသားစုများမှ ရွှေမြန်မာပရဟိတလူမှုကူညီရေးအသင်းသို့ အကူအညီတောင်းခံလာသဖြင့် ယင်းအသင်းနှင့် ကပုန်းနာရေးကူညီမှုအသင်းတို့ ပူးပေါင်းကာ သင်္ဂြိုဟ်ပေးမည် ဖြစ်ကြောင်း အဆိုပါအသင်းများထံမှ သိရသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းကို ကွာလာလမ်ပူမြို့ ချဲရပ်သုသာန်၌ ဇွန်လ ၁၉ ရက်နေ့တွင် ပို့ဆောင်သင်္ဂြိုဟ်မည် ဖြစ်ကြောင်း အထက်ပါလူမှုကူညီရေးအသင်းများထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ ရေလုပ်သားများသည် ထိုင်း၊ မလေးရှား နိုင်ငံများသို့ တရားမဝင်သွားရောက်ကြပြီး ၎င်းတို့ ကျွမ်းကျင်ရာ ရေလုပ်ငန်းတွင် လုပ်ကိုင်နေကြကာ မတော်တဆဖြစ်မှုများ၊ ဖမ်းဆီးခံရများ ကြုံတွေ့ရလေ့ရှိသည်။

ပြီးခဲ့သော ဇွန်လ ၉ ရက်နေ့တွင် မလေးရှားငါးဖမ်းလှေတစ်စီးသည် အင်ဒိုနီးရှားရေပိုက်နက်တွင် တရားမဝင် ငါးဖမ်းဆီးခဲ့သဖြင့် ထားဝယ်နှင့် ပု‌လောမြို့နယ်မှ လှေလုပ်သား ၉ ဦး အပါအဝင် မြန်မာ ၁၀ဦး ဖမ်းဆီးခံခဲ့ရသည်။