BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

May 18, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မေလ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ

၁၀ခုမြောက်မြို့နယ်အဖြစ် ဘူးသီးတောင်မြို့ကို AA သိမ်းယူ

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ကို ရက္ခိုင့်တပ်တော် (AA) က မေလ ၁၈ ရက်နေ့မှာ သိမ်းယူလိုက်ပါတယ်။

ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချလို့ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် – စကခ (၁၅) နဲ့ လက်အောက်ခံ တပ်ရင်းလေးခုကို AA က သိမ်းယူခဲ့ပါတယ်။

အဲဒီနောက် အခုသီတင်းပတ်အတွင်းမှာတော့ ဘူးသီးတောင်မှာ ကျန်ရှိနေသေးတဲ့ ဗျူဟာဌာနချုပ်အပါအဝင် လက်အောက်ခံ တပ်ရင်းတွေ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနဲ့ ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင် အခြေစိုက် တပ်ရင်းတချို့အပါအဝင် စခန်းအားလုံးကို သိမ်းယူလိုက်တာပါ။

AA ဟာ ရခိုင်ပြည်နယ်ထဲက မြို့ရှစ်မြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သိမ်းယူထားတာကြောင့် ဘူးသီးတောင်ဟာ ၁၀ ခုမြောက် သိမ်းယူတဲ့မြို့နယ်ဖြစ်လာပါတယ်။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မောင်တောတစ်မြို့ပဲကျန်ရှိပါတော့တယ်။

ဘူးသီးတောင်မြို့နယ်မှာ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။ AA ကတော့ စစ်ဘေးရှောင်မွတ်ဆလင် ခုနစ်ထောင်ကျော် AA ထိန်းချုပ်နယ်မြေထဲမှာ လာရောက်ခိုလှုံနေတဲ့အကြောင်း ဗီဒီယိုမှတ်တမ်း တွေနဲ့ ထုတ်ပြန်ထားပါတယ်။

……………………………………..

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီ ကူမင်းမှာ ငါးကြိမ်မြောက်တွေ့

ပုံစာ – ပုံဟောင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ တရုတ်နိုင်ငံ ကူးမင်းမြို့မှာ ငါးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ မြောက်ပိုင်းမဟာမိတ်တွေ ဖြစ်တဲ့ ကိုးကန့်တပ်၊ တအာင်းတပ်၊ ရခိုင်တပ် တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီတို့ဟာ မေလ ၁၄ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ဆွေးနွေးခဲ့ကြတာပါ။ ဒီတစ်ကြိမ်တွေ့ဆုံရာမှာတော့ ကိုးကန့်၊ တအာင်းနဲ့ စစ်ကောင်စီတို့က ဦးဆောင်သူအပြောင်းအလဲလုပ်ခဲ့ပါတယ်။ အဆုံးအဖြတ်ပေးနိုင်သူတွေ မဟုတ်ဘူးလို့လည်း ထောက်ပြမှုတွေ ရှိနေပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မှာ အပစ်ရပ်ရေးနဲ့ ရှမ်းမြောက်မှာ နယ်စပ်ကုန်သွယ်ရေးကို အဓိကထား ဆွေးနွေးကြတယ်လို့ ပြည်တွင်းသတင်းတချို့မှာဖော်ပြပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ရာမှာတော့ စစ်ကောင်စီတပ် ရခိုင်ကနေ ထွက်သွားဖို့ AA က တောင်းဆိုတာကို စစ်ကောင်စီဘက်လည်း ၂၀၀၈ ခြေဥနဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရမယ်လို့ တုံ့ပြန်တာကြောင့် အပစ်ရပ် သဘောတူညီမှု မရဘူးလို့ ရခိုင်အခြေစိုက် Narinjara (နိရဉ္စရာ) သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

……………………………………..

မြင်းမူ လက်ထုတ္တော ရွာသား ၃၀ ကျော်အသတ်ခံရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောရွာကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်လာချိန် ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြသူတွေအပါအဝင် ရွာသား ၃၀ကျော် အသတ်ခံခဲ့ရပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မေလ ၁၁ ရက် မနက် ၅နာရီမှာ ကျေးရွာထဲကို ဝင်ရောက်လာတာပါ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ခြောက်ဦးသေဆုံးပြီး ဘုန်းကြီး ကျောင်းမှာ တိမ်းရှောင်နေသူ ၂၆ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

သေဆုံးသူထဲထဲမှာ အမျိုးသမီးတစ်ဦးပါဝင်ပြီး ကျန်တဲ့သူတွေကတော့ အမျိုးသားတွေ ဖြစ်ပါတယ်။ သေဆုံးသူ အများစုဟာ လက်ထုတ္တော ရွာသားတွေဖြစ်ပြီး သုံးဦးကတော့ ဘုန်းကြီးကျောင်းမှာ ပန်းရံလာလုပ်သူတွေလို့ ဆိုပါတယ်။

ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၂၀ကျော်ကို လူသားဒိုင်းအဖြစ်ခေါ်သွားပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

PDF တွေ ရှိတဲ့နေရာတွေကို မေးမြန်းတာ မရလို့ ပစ်သတ်ခဲ့တာလို့ အဲဒီဖြစ်စဉ်မှာ အသက်ရှင်လွတ်မြောက်လာသူတွေ၊ ဒေသကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြကြပါတယ်။

……………………………………..

တိုင်းနဲ့ပြည်နယ်တချို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံး

တိုင်းနဲ့ ပြည်နယ်တချို့မှာ ယခုသီတင်းပတ်အတွင်း စစ်ကောင်စီက လူနေကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သား ဆယ်နဲ့ချီ ထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ရခိုင်၊ ကချင်၊ ချင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေ တာပါ။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာကို မေလ ၁၁ရက်နေ့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲလို့ လူ ရှစ်ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

မကွေးတိုင်း ဆောမြို့နယ် တောမရွာလည်း မေလ ၁၄ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လသားအရွယ် ကလေးငယ် အပါအဝင် ဒေသခံရှစ်ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်လည်း မြို့နယ် သုံးခုမှာ ကျေးရွာ၊ ဆေးရုံတွေ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၁၀ ကျော်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ ခဲ့ပါတယ်။

ကချင်၊ ချင်းနဲ့ တင်္သာရီတွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ့ရှိနေပြီး အရပ်သား ထိခိုက်သေဆုံးတာတွေရှိနေပါတယ်။ ဘာသာရေးအဆောက်အအုံတွေ၊ လူနေကျေးရွာတွေ၊ ဆေးရုံတွေ လေကြောင်းတိုက်ခိုက်ခံနေရတာလည်း ဖြစ်ပါတယ်။

……………………………………..

ဂျပန် နိုင်ငံခြားရေးဒုဝန်ကြီးနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့တွေ့

ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီး Masahiro Komura (မာဆာဟီရို ကိုမူရာ) နဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်ဆောင်တချို့ ဂျပန်နိုင်ငံမှာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်နီကြားကာလအုပ်ချုပ်ရေးကော်စီ IEC တို့ရဲ့ဥက္ကဋ္ဌ ခူဦးရယ်တို့နဲ့ မေလ ၁၄ ရက်နေ့မှာ တွေ့ဆုံခဲ့တာပါ။

ဂျပန်အစိုးရက သက်ဆိုင်သူအားလုံးနဲ့ဆွေးနွေးသွားဖို့ရှိတဲ့အကြောင်း ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ KNU နဲ့ IEC တို့ဘက်ကတော့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးရေးကိစ္စ ဆွေးနွေးခဲ့သလို မြန်မာ့အရေးအတွက် ဂျပန်အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်မယ့် အကြောင်း ပြောဆိုခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မေလ ၁၅ ရက်မှာတော့ အာဆီယံအထူးသံတမန်က မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာ့အရေး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ အာဆီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

……………………………………..

ရွှေစျေး ကျပ်သိန်း ၅၀ အနားကပ်လာ

ပြည်တွင်းမှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၅၀ နီးပါအထိ စံချိန်တင် စျေးမြင့်တက်လာပါတယ်။

မေလ ၁၇ ရက်က ရွှေတစ်ကျပ်သားကို လေးဆယ့်ကိုးသိန်း ကိုးသောင်းကျော်အထိ ရောက်ရှိလာတာပါ။ ကမ္ဘာ့ရွှေစျေး မြင့်တက်မှု၊ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း မြင့်တက်မှုတွေကြောင့် ရွှေစျေးတက်လာတာလို့ ဆိုပါတယ်။

ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းရဲ့ ရည်ညွှန်းစျေးမှာတော့ တစ်ကျပ်သားကို ကျပ် ၃၉ သိန်းကျော်ပဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ တကယ့်အရောင်းအဝယ်စျေးကွက်မှာတော့ ကျပ်သိန်း ၅၀နား ကပ်နေတာပါ။ ရွှေစျေး၊ ငွေလဲနှုန်း မြင့်တက်လာကြောင့် စစ်ကောင်စီက ရွှေဆိုင်တွေ၊ ငွေလဲကောင်တာတွေကို အရေးယူတာတွေ လုပ်နေပေမယ့် ရွှေစျေးနဲ့ ငွေလဲနှုန်းတွေကို မထိန်းနိုင်တဲ့အပြင် စျေးမြင့်သထက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။

……………………………………..

ထောင်တွေမှာ သောက်ရေသုံးရေ ဆိုးဝါးနေလို့ အကျဉ်းသားတွေအရေပြားရောဂါဖြစ်

အင်းစိန်ထောင်အပါအဝင် ထောင် ၁၀ကျော်မှာ သောက်ရေ သုံးရေအခြေအနေ ဆိုးဝါးနေပြီး ထောင်တချို့မှာဆိုရင် အကျဉ်းသား​တွ ယားနာတွေ၊ ပွေး၊ ဝဲ၊ ညှင်း စတဲ့ အရေပြားရောဂါတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်တွေမှာ သောက်သုံးရေ မလုံလောက် ဆိုးဝါးနေတဲ့အကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ရက်က မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ရာမှာ အခုလို ဖော်ပြတာပါ။

ထောင် ၁၂ ခုမှာ သောက်ရေ သုံးရေ မလုံလောက်တာ၊ မသန့်ရှင်းတာတွေ ကြုံနေရပြီး တချို့ထောင်တွေမှာ ရေဝယ်သုံး နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗီတာမင် ချို့တဲ့တာကြောင့် အောက်ပိုင်းချိနဲ့ လေဖြန်းတာတွေလည်း ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။

ပဲခူးတိုင်း ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာဆိုရင် ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရတာကြောင့် မေလ ၈ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတစ်​ဦး သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

……………………………………..

KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်

ဘေ့စ်ဂီတာသမားလည်းဖြစ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး R.ခေါင်လွမ်း တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နေရင်း အသည်းရောဂါနဲ့ မေလ ၁၃ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။

နာတာရှည် အသည်းရောဂါခံစားနေပေမယ့် ရှေ့တန်းစစ်မြေပြင်မှာ သွားရောက်ကွက်ကဲနေသူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၂နှစ် ရှိပြီဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ ဓာတုဗေဒပညာရပ်နဲ့ ဘွဲ့ရခဲ့ပြီး ဘေ့စ်ဂီတာသမားလည်း ဖြစ်ခဲ့ ပါတယ်။

၁၉၈၈ မှာ KIA ထဲဝင်ရောက်ပြီး ၃၅နှစ်ကျော်ကြာ လက်နက်ကိုင်တော်လှန်ရေး ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်မှုဟာ တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုူတစ်ရပ်ဖြစ်တယ်လို့ ကချင်တိုင်းရင်းသားတွေ၊ NUG နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

……………………………………..