အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဖက်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် အနီးအနားရှိကျေးရွာများကို ပစ်ခတ်ခဲ့သလို MI2 ရဟတ်ယာဉ်ဖြင့်လည်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ အရပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရသိရသည်။
စကခ ၈ သည် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၀ ခုနှင့် အမြောက်တပ်များကို စီမံကွပ်ကဲရပြီး ယင်းဌာနချုပ်သည် စစ်ကောင်စီအရာရှိအများစု နေထိုင်သည့်နေရာဖြစ်သည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ဆန်များသည် ထားဝယ်မြို့နယ်အတွင်းရှိ တလိုင်းတောင်ရွာ၊ တောင်ပို့ရွာနှင့် ကသန်းရွာတို့တွင် ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
” တောင်ပို့ရွာက အုတ်ဖိုမှာလက်နက်ကြီးကျတယ်။ မိသားစုသုံးယောက်မှာ အဖေနဲ့သမီး ကျည်ထိပြီးဆုံးသွားတယ်။ အမေကတော့ဒဏ်ရာရတယ် “ ဟု တလိုင်းတောင်ရွာသားတစ်ဦးက ပြောသည်။
ယင်းအပြင် တောင်ပို့ကျေးရွာတွင် နောက်ထပ် အမျိုးသမီးနှစ်ဦးလက်နက်ကြီးထိမှန်၍ ထားဝယ်ဆေးရုံတွင် ဆေးကုသနေရသည်ဟု ၎င်းကဆက်ပြောသည်။
ထားဝယ်မြို့နယ် ၊ သပြေချောင်းရွာရှိ စစ်ကောင်စီ၏ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို မေလ ၁၆ ရက် နေ့လယ်ပိုင်းက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေလ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှ အရာရှိများ နေထိုင်သည့် နေအိမ်အဆောက်အအုံများနှင့် ရပ်နားထားသော MI2 ရဟတ်ယာဉ် ၂ ရှိရာနေရာများကို ဒရုန်းဖြင့် ၆ဝ မမ ခွင်းဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“တိုက်ခိုက်မှုကြောင့်ထိခိုက်မှုအခြေအနေကိုတော့စုံစမ်းဆဲပါ။ ရဲဘော်တွေကတော့ အထိအခိုက်မရှိပါဘူး ” ဟု စစ်ဆင်ရေးတွင်ပါဝင်သည့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ခံက မေ ၁၈ ရက်တွင်ပြောဆိုသည်။
စကခ ၈ ဌာနချုပ်ကို ဒေါနစစ်ကြောင်း တပ်ခွဲ(၄) KBDF Drone တပ်ဖွဲ့၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းမှ sky ghost drone force၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းမှ T5 Wing၊ TPLF Droneတပ်ဖွဲ့၊ YAF Droneတပ်ဖွဲ့တို့က ပူးပေါင်းစစ်ဆင်ရေးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ယခုရက်သတ္တပတ်အတွင်း ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီ၏လက်နက်ကြီးကြောင့် သေဆုံးသူ လေးဦးရှိပြီဖြစ်သည်။