BREAKING
January 11, 2025

ဘူးသီးတောင်မြို့ကို သိမ်းယူလိုက်ပြီဟု AA ထုတ်ပြန်

May 18, 2024

ပုံစာ - ဘူးသီးတောင်မြို့အဝင်တွင်တွေ့သည့် AA တပ်ဖွဲ့ဝင်များ။ Photo - AA Info Desk

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီတပ် ဗျူဟာဌာနချုပ် အပါအဝင် တပ်စခန်းအားလုံးကို ယနေ့ မေလ ၁၈ ရက် မွန်းတည့်ပိုင်းတွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။

ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် – စကခ (၁၅) နဲ့ လက်အောက်ခံ တပ်ရင်းလေးခုကို ဧပြီလကုန်နဲ့ မေလဆန်းပိုင်းမှာ AA က သိမ်းယူခဲ့သည်။

ယင်းနောက် ကျန်ရှိသည့် ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် လက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို ယနေ့ သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မေလ ၁၃ ရက်တွင် နခခ (၃) ၊ မေလ ၁၄ရက်တွင် ခြေမြန်တပ်ရင်း ခမရ ၃၅၃၊ ခမရ ၅၃၅၊ ခမရ ၂၆၃နှင့် ခမရ ၂၃၃ တပ်ရင်း လေးရင်းနှင့် မေလ ၁၆ရက်တွင် နခခ (၈) စခန်းအား တို့ကို သိမ်းယူနိုင်ခဲ့ကြောင်း ဆိုသည်။

ယနေ့တွင် ဘူးသီးတောင်ဗျူဟာဌာနချုပ်၊ အမြောက်တပ် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ထောက်ပို့တပ်ရင်းနှင့် GE တပ်ရင်း တို့ကို သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ဗျူဟာနှင့် တပ်ရင်းများမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောက်စီထံမှ သင်တန်းဆင်းပြီး AA ကို တိုက်ခိုက်ရာတွင် ပါဝင်သူများကို လိုက်လံ ပိတ်ဆို့တိုက်ခိုက်နေကြောင်းလည်း AA က ထုတ်ပြန်ထားသည်။

၎င်းတို့မှာ ကျေးရွာများနှင့် ဘူးသီးတောင်မြို့အတွင်းသို့ ထွက်ပြေးနေသောကြောင့် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများ အနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန် အထူးသတိပေးလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

AA သည် ရခိုင်ပြည်နယ်ထဲက မြို့ရှစ်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သိမ်းယူထားသဖြင့် ဘူးသီးတောင်မှာ ၁၀ခုမြောက် သိမ်းယူသည့် မြို့နယ်ဖြစ်လာသည်။