BREAKING
September 7, 2024

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

May 18, 2024

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ စံချိန်တင်တက်သွားပြီး အမြင့်ဆုံးဈေးတန်းသို့ ထိုးတက်သွားသည်။

စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ ရုတ်တရက်ထိုးကျသွားသည်။

တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

တောက်လျှောက်တက်လာသည့် အခေါက်ရွှေဈေးသည့် ယခုအပတ်တွင် စံချိန်တင်တက်သွားပြီး အမြင့်ဆုံးဈေးတန်းသို့ ရောက်သွားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အမြင့်ဆုံးဈေးသို့ တက်သွားခြင်းဖြစ်ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်းငါးဆယ်နီးပါးအထိ ပေါက်ဈေးရှိနေသည်။

ဈေးကွက်အတွင်း သောကြာနေ့ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၉၉၀၀၀၀ (လေးဆယ့်ကိုးသိန်းကိုးသောင်း)ကျပ် ဈေးဖွင့်ထားသည်။

ထိုင်းဘတ်ဈေးလည်း ဆက်တိုက်တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၉၂၀ ဘတ်အထိ ဈေးဖွင့်ခဲ့သည်။

ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျှောက်ငြိမ်နေခဲ့ရာမှ သောကြာနေ့တွင် ရုတ်တရက်ထိုးကျသွားသည်။

ထားဝယ်ဈေးကွက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာလျှင် ၂၇၅၅ ကျပ် ဈေးဖွင့်ထားရာက ၂၇၁၅ ကျပ် ဖြစ်သွားသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ကျပ် ၃၀၀၀ ကျပ်မှ ကျပ် ၄၀၀၀ အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

စံချိန်တင်ဈေးတန်းသို့ရောက်နေသည့် အခေါက်ရွှေဈေးသည် လာမည့်အပတ်တွင်လည်း ဈေးတန်းအမြင့် တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးအညွှန်းကိန်းလည်း တောက်လျှောက်တက်နေပြီး မေလ ၁၈ ရက်နေ့ ပေါက်ဈေးအရ တစ်အောင်စလျှင် ၂၄၁၄ ဒေါ်လာဈေးဖွင့်ထားပြီး အမြင့်ဆုံးဈေးတန်းသို့ ရောက်နေသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၂၃၆၀ ဒေါ်လာပေါက်ဈေးရှိသည့်အတွက် တစ်အောင်စလျှင် ၅၄ ဒေါ်လာ ဈေးတက်သွားသည်။

ထို့အပြင် အမေရိကန်ဒေါ်လာငွေလဲနှုန်းလည်း ဆက်တိုက်တက်နေပြီး တစ်ဒေါ်လာလျှင် ကျပ်လေးထောင်ဝန်းကျင် ဈေးဖွင့်ထားသည်။

ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းအပေါ်အခြေခံပြီး တွက်ချက်လေ့ရှိသဖြင့် လာမည့်အပတ်ရွှေဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဖြစ်ကြောင်း သုံးသပ်ရသည်။

ဆက်တိုက်တက်နေသည့် ထိုင်းဘတ်ဈေးလည်း တက်ရိပ်ဆက်ပြနေမည့် အနေအထားရှိသည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် ပြည်တွင်းအခြေအနေများကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်လုနီးနီးဖြစ်နေသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရစနစ်ကြောင့် လူငယ်အများအပြား ပြည်ပသို့ထွက်ခွာနေချိန်တွင် အသက် ၂၃ နှစ်အထက် အမျိုးသားများကို ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်လိုက်သည်။

သို့ရာတွင် စစ်မှုထမ်းစနစ်ကို ရှောင်တိမ်းနိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပသို့ထွက်နေကြဆဲ ဖြစ်သည်။

အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်နေကြခြင်းဖြစ်ရာ ထိုင်ဘတ်အဝယ်မြင့်တက်နေသည်။

ယင်းအခြေအနေများကြောင့် ထိုင်းဘတ်ဈေးလဲနှုန်းမှာ လက်ရှိနှုန်းအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းပဋိပက္ခအခြေအနေများကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မည့်အရေးမှာ အစိုးမရဖြစ်သည်။

ထို့ကြောင့် စက်သုံးဆီဈေးလည်း လက်ရှိပေါက်ဈေးအတိုင်းပင် အလှုပ်အခတ်နည်းနည်းဖြင့် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။