အခန်း (၃)
အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်တောင်ပိုင်းမှာ ၂၀၁၉ ခုနှစ်က တုပ်ကွေး(Dengue) ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ခဲ့ပါတယ်။ ခြင်ဆေးဖြန်းခြင်း အစရှိ တဲ့နည်းလမ်းတွေနဲ့ စစ်ဆင်ရေးသဖွယ် နှိမ်နင်းဖို့ ကြိုးစားကြရပါတယ်။ တကယ် က ဖလော်ရီဒါတောင်ပိုင်းမှာ သွေးလွန် တုပ်ကွေးဖြစ်စေတဲ့ ခြင်တွေရှိနေတာက အသစ်အဆန်းမဟုတ်ပါဘူး။ အသစ်အဆန်း က အဲဒီနှစ်တွေ မတိုင်ခင်ဖြစ်ခဲ့တဲ့ ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပါတယ်။
ဘဏ္ဍာရေးအကျပ်အတည်းနဲ့တွဲပြီး အိမ်ရာအကျပ်အတည်းဖြစ်ပါတယ်။ ဘဏ်တွေကို ငွေအကျေမပေးနိုင်လို့ ရာထောင်ချီတဲ့ အိမ်တွေ ပိတ်သိမ်းပေးရ ပါတယ်။ ဖြစ်ချင်တော့ ဖလော်ရီဒါ တောင်ပိုင်းက အိမ်တွေမှာ ရေကူးကန်တွေ တွဲပါလေ့ရှိပါတယ်။ လူမနေတော့တဲ့ အိမ်တွေရဲ့ ရေကူးကန်ရေစပ်စပ်မှာ ခြင် တွေပေါက်ဖွားရာကနေ မကြုံဘူးတဲ့ တုပ်ကွေးရောဂါဘေး (Unprecedented outbreak of Dengue) ပေါ်ပေါက်ရတာပါ။
သာမန်အားဖြင့်တော့ အိမ်ရာ အကျပ်အတည်းနဲ့ ရောဂါဘေးဆက်စပ် လိမ့်မယ်လို့ ဘယ်ထင်ထားကြမလဲ။ လူမှုစီးပွားစနစ်တွေဟာလည်း ကပ်ဘေး ကို ဖြစ်စေတဲ့ ရေသောက်ဖြစ်တွေ ဖြစ်နေ တတ်ပါတယ်။
ရော့ဘ်ဝေါလေ့စ်(Rob Wallace)ဟာ ဆင့်ကဲပြောင်းလဲမှု ဇီ၀ဗေဒပညာရှင် (evolutionary biologist))တစ်ယောက် ဖြစ်ပါတယ်။ ကူးစက်ရောဂါဆိုင်ရာ ဖြစ်ရပ်တွေမှာ အဓိကကျတဲ့ အခြေအနေ တစ်ခုက မွေးမြူရေးလုပ်ငန်းကြီးတွေ ဖြစ်တယ်လို့ သူထောက်ပြခဲ့တာကြာပါ ပြီ။ သူ့ရဲ့ “မွေးမြူရေးလုပ်ငန်းကြီးများကြောင့် တုပ်ကွေးရောဂါကြီးများ ဖြစ်ရသည် – Big farms make big flu”. ဆိုတဲ့စာအုပ်က ၂၀၁၆ မှာ ထွက်ခဲ့ပါတယ်။
တိုင်းမဂ္ဂဇင်း(၁၃ ဧပြီ ၂၀၂၀) မှာ “နောက်ထပ် ကပ်ဘေးကို ကာကွယ်ဖို့ စားနပ်ရိက္ခာစနစ်ကို ပြန်စဉ်းစားဖို့ လိုပြီ – We need to rethink our food system to prevent the next pandemic” ဆိုတဲ့ ဆောင်းပါး ပါပါတယ်။ အဲဒီမှာ ရော့ဘ်ရဲ့ မှတ်ချက်တွေကို ဖော်ပြထားပါတယ်။
ဒီဘက် ဆယ်စုနှစ်တွေမှာ ကူးစက် ရောဂါဖြစ်ပွားမှုများလာစေတဲ့ အကြောင်း တစ်ခုက သယံဇာတထုတ်လုပ်မှုနဲ့ လူဦးရေ များလာတာ၊ နောက်အကြောင်းတစ်ခုက တစ်ကမ္ဘာလုံးရဲ့ ကုန်သွယ်ရေးနဲ့ ခရီးသွား လာမှု ကြီးမားလာတာနဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ခေတ်သစ် စားနပ်ရိက္ခာထုတ်လုပ်မှု စနစ်ဖြစ်ပါတယ်။
အထူးသဖြင့် ခေတ်သစ်စက်ရုံပုံစံ မွေးမြူရေးလုပ်ငန်း(Factory farming)ဟာ လူတွေတိရစ္ဆာန်တွေနဲ့ မိုက်ခရို ပိုးမွှားတွေကို စကောထဲ ထည့်လှိမ့်သလို ဖြစ်နေပါတယ်။
စားနပ်ရိက္ခာထုတ်လုပ် တဲ့ လုပ်ငန်းဟာ ရောဂါထုတ်လုပ်တဲ့ လုပ်ငန်းပါဖြစ်နေတဲ့ အခြေအနေမျိုးပါ။ အဲဒီလို ရိက္ခာနဲ့ရောဂါရောထုတ်ပေးတဲ့ စနစ်ကို ပိုပိုပြီး လူတွေမှီခိုလာနေရတာက လည်း ခေတ်သစ်လူမှုစီးပွားဘ၀ရဲ့ ပြဿနာပါ။
မွေးမြူရေးလုပ်ငန်းကြီးတွေကနေ ထွက်လာတဲ့ ရောဂါနာမည်တွေကို တန်းစီ ရေးဖို့ကို စာကြောင်းတော်တော်များများ လိုပါတယ်။
အာဖရိက ဝက်တုပ်ကွေး၊ အီကိုလီ၊ ခွာနာလျှာနာ၊ နီပါဗိုင်းရပ်စ် ရ စသည် စသည်။ အိတ်ခ်ျဝမ်း အန်ဝမ်း (H1N1)အပါအဝင် တုပ်ကွေးအမျိုးမျိုးကတော့ လူသိများပြဿနာကြီးတဲ့ ရောဂါပါ။
စက်ရုံပုံစံ မွေးမြူရေးလုပ်ငန်းတွေရဲ့ သော့ချက် စကားလုံးက များများ၊ မြန်မြန်၊ ကြီးကြီး (တစ်နည်းအားဖြင့်) ထွက်နှုန်းမြင့် မွေးမြူရေး (intensification) ဖြစ်ပါတယ်။
ရှိသလောက်နေရာမှာ အစု လိုက်၊ အထပ်လိုက်ထားတဲ့ ကြက်၊ ဘဲ၊ ဝက် စတဲ့ မွေးမြူရေးလုပ်ငန်းတွေကို မြင်ယောင်မိကြပါလိမ့်မယ်။ စုပြုံထားတဲ့ အခြေအနေမှာ တစ်ကောင်နဲ့ တစ်ကောင် ထိတွေ့ ကူးစက်ဖို့လွယ်ကူတယ်။ မွေးထား သမျှ မျိုးဗီဇတစ်ခုထဲက လာမှာဖြစ်တာ ကြောင့် ရောက်လာတဲ့ ရောဂါပိုးမွှားဟာ အားလုံးကို ဖြတ်ဝင်သွားဖို့ လွယ်ပါတယ်။ ဒါကို မျိုးဗီဇဆိုင်ရာ အဆီးအတား ဘရိတ် မရှိခြင်း (Genetic Fire brake) ကိုရည်ညွှန်း ကြတယ်။
ဗိုင်းရပ်စ်ပိုးမွှားတွေရဲ့ ဒုက္ခပေးနိုင် စွမ်း (Virulence) ဟာ ဆင့်ကဲပြောင်းလဲပြီး (Evolution) အခွင့်အရေးယူနိုင်စွမ်း အပေါ် မူတည်တယ်လို့ သိထားကြပါ တယ်။ သိပ်ပြင်းထန်လို့ အိမ်ရှင် (လူ သတ္တဝါ) မြန်မြန်သေသွားရင် ရောဂါပိုး မွှားကပါ သူနဲ့ လိုက်သေသွားပြီး ကူးစက် ဖို့အရေးနည်းမယ်။ စက်ရုံမွေးမြူရေး လိုနေရာမှာ သေသွားလည်း ကူးစက်ဖို့ အခွင့်အရေးနည်းမှာ မပူရဘူး။
အဲဒါ ကြောင့် မူလအိမ်ရှင်(လင်းနို့စသည်ဖြင့်) ကနေ မွေးမြူရေးထဲရောက်လာတဲ့ ဗိုင်းရပ်စ် တွေဟာ ပြင်းထန်ပြီးသား ဗိုင်းရပ်စ်ပိုးမွှား တွေက လူဆီ ထပ်ရောက်လာတဲ့အခါ ဒုက္ခရောက်ကြတော့တယ်။ နောက်ပြီး စက်ရုံမွေးမြူရေးဟာ သူ့သဘာ၀အရကို အကုန်တင်၊ အကုန်ချ (ရောင်း) လုပ်ရ တာမို့ ခံနိုင်ရည်ရှိတဲ့ မျိုးဗီဇကျန်ခဲ့စရာ အကြောင်းလည်းမရှိပါဘူး။ နောက်ပြီး တင်ပို့ရောင်းချမှုကလည်း ခရီးအကွာ အဝေးကြီးမားကြတာမို့ အဝေးကြီးကို လှမ်းပျံ့ဖို့လည်းလွယ်ပါတယ်။
အထက်မှာပြောခဲ့တာတွေကို အရပ် ဒေသဆိုင်ရာ ကူးစက်ရောဂါပညာရှင် (Spatial edidemiologist) ဂေးဘတ်နဲ့ အဖွဲ့က ရှင်းပြထားပါတယ်။ သိပ်သည်း ခြင်း (higher density)၊ မျိုးဗီဇစုံလင်မှု နိမ့်ကျခြင်း(low Genetic Diversity)၊ အကုန်သွင်းအကုန်ထုတ်ပုံစံ (all-in/ all-out) နဲ့ ကုန်သွယ်မှုမြင့်မားဝေးကွာခြင်း (high trade) ရဲ့ အကျိုးဆက်တွေကို သူတို့က ရှင်းပြထားပါတယ်။ အထဲမှာ မပါသေးတာက ကြက်ငှက်တွေမှာ ပဋိဇီ၀ ဆေးမတိုးတော့တဲ့ အခြေအနေဖြစ်လာ တာပါ။ ဒါကလည်း ပြဿနာအကြီးကြီးပါ။
ညအိပ်မပျော်ဖြစ်ရလောက်အောင် ကြီးမာတဲ့ ၂၁ ရာစုရဲ့စိန်ခေါ်မှုတွေက ဘာလဲလို့မေးတဲ့အခါ ပညာရှင်တွေညွှန်ပြ တာ တစ်ခုက ပဋိဇီ၀ဆေးယဉ်ပါးမှုပါ။ အဲဒီပြဿနာဟာ စက်ရုံပုံစံ မွေးမြူရေး တွေနဲ့ ဆက်စပ်နေပါတယ်။ ရော့ဘ်က ရောဂါပိုးမွှားတွေဟာ အတော်ဆုံးရှေ့နေ တွေရထားတယ်။ အဲဒါကတော့ ကော်ပို ရေးရှင်းကြီးတွေပါပဲ။ နိုင်ငံတိုင်းလိုလိုမှာ မွေးမြူရေးခြံတွေရဲ့ ပဋိဇီ၀ဆေးသုံးစွဲမှု ကန့်သတ်ဖို့ကြိုးစားတိုင်း ကုမ္ပဏီကြီး တွေရဲ့ ဖိအားကိုကြုံရတယ်။ မွေးမြူရေး လုပ်ငန်းကြီးတွေရဲ့ အညစ်အကြေး စွန့်ကန်တွေမှာ တခြားရောဂါပိုးတွေ အပြင် ပဋိဇီ၀ဆေးတွေပါ လျှံနေတယ်။ ဒါတွေက လူတွေရဲ့ ရေရင်းမြစ်ထဲရောက် ကြတာများတယ်။
၁၉၈၀ ကျော်ကစလို့ စက်မှုပုံစံ မွေးမြူရေးဟာ တရုတ်ပြည်မှာ အလွန်လျင် မြန်လာခဲ့ပါတယ်။ H1N1 တုပ်ကွေးပုံစံ နှစ်မျိုးဟာ တရုတ်ပြည်ရဲ့ မွေးမြူရေးခြံ တွေကနေ လူတွေဆီကို ရောက်ရှိလာခဲ့ တာဖြစ်ပါတယ်။ ဒီရောဂါနှစ်မျိုးဟာ ဒုက္ခပေးနိုင်စွမ်းမြင့်ပါတယ်။
လက်ရှိကပ်ဘေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် (SAR-Cov-2) ဟာ လင်းနို့က လာတာဖြစ်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် စက်ရုံပုံစံမွေးမြူရေးလုပ်ငန်း ကြီးတွေနဲ့ ဆက်စပ်မှုတော့ ရှိနေပါတယ်။
အဲဒါကတော့ မမြင်သာတဲ့ လူမှုစီးပွား ဖြစ်တည်မှုပါ။ ကိုဗစ်ဗိုင်းရပ်စ်ဟာ လင်းနို့ ဆီကနေ လူဆီကိုမရောက်ခင်မှာ ကြားခံ တိရစ္ဆာန်တစ်မျိုးမျိုးရှိမယ်လို့ ဆွေးဆပါတယ်။
ဖြစ်နိုင်ခြေများတာက သင်းခွေ ချပ်ပါ။ ဒီလိုတောရိုင်းသတ္တဝါတွေ တရုတ်ဈေးတွေမှာ ရောင်းကြလေ့ရှိပါ တယ်။ ရောင်းကြသူတွေက အသေးစား လုပ်ငန်းသမားတွေပါ။ သူတို့နောက် ကြောင်းကို ကြည့်ရင် မွေးမြူရေးလုပ်ငန်း တွေဆီကို မြေယာတွေပါသွားသူတွေ၊ လုပ်ငန်းကြီးတွေနဲ့ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင် လို့ မူလလုပ်ကွက်ပျက်သွားသူတွေပါ။ သူတို့က တောရိုင်းနဲ့ အဆန်းအပြားရောင်း ဝယ်မှုတွေ လုပ်လာကြပါတယ်။
လက်ရှိကပ်ဘေးမှာ အသေအပျောက် နှုန်းက ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်း ရှိမယ် မှန်းပါတယ်။ H7N9နဲ့ H5N1ရဲ့ အသေအပျောက်နှုန်းက ကူးစက်ခံရသူ ရဲ့ သုံးပုံတစ်ပုံရှိပါတယ်။ ထွက်နှုန်းမြင့် မွေးမြူရေးစနစ်ရဲ့ အန္တရာယ်ကိုကြိုသတိပေးခဲ့သူတစ်ယောက်က “တံခါး၀က မကောင်းဆိုးဝါး (The monster at our door)”ဆိုတဲ့စာအုပ်ကို ရေးခဲ့တဲ့ မိုက်ဒေးဗစ် (Mike Davis) ပါ။ လက်ရှိကပ်ဘေး ဖြစ်လာတဲ့အခါ မကြာခင်က သူရေးတဲ့ ဆောင်းပါးဟာ အိမ်ထဲကို ဝင်လာခဲ့ပြီ (The monster enters) လို့ဖြစ်ပါတယ်။
သူက လက်ရှိကပ်ဘေးဟာ အကြိမ် ကြိမ်ထပ်ကြည့်နေရတဲ့ ရုပ်ရှင်ကားဟောင်း ပါလို့ရည်ညွှန်းပါတယ်။ ဂေဟပျက်ယွင်း မှု၊ ထွက်နှုန်းမြင့်မွေးမြူရေး၊ အမြတ်အဓိက စီးပွားရေးစနစ်တွေရဲ့ ထုတ်ကုန်ဆားစ် ရောဂါ၊ ကူးစက်တုပ်ကွေးအမျိုးမျိုးကို မြင်ခဲ့ကြပြီးသားပါ။
ဆောင်းပါးထဲက သူ့မျတ်ချက်ကို ကပ်ရောဂါဘေးထဲ ရောက်နေတဲ့ ကျုပ်တို့အနေနဲ့ နားလည်ဖို့ မခက်ခဲလောက်ပါဘူး။
“ဒီကပ်ဘေးက ဂလိုဘယ်လိုက်ဇေး ရှင်းနဲ့ အမြတ်သာ ပဓာနစီးပွားရေးစနစ်ကို ကမ္ဘာကြီးရဲ့ ဇီ၀စနစ်က မထမ်းပိုးနိုင်ကြောင်း ပြလိုက်တာပါပဲ။”
ဒေါက်တာမြင့်ဇော်
ဒေါက်တာမြင့်ဇော်ရေးသားသည့် “ကိုဗစ်နောက်ကြောင်းပြန် – ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှလေ့လာခြင်း” စာအုပ်ကို အသံဖြင့်လည်း နားထောင်နိုင်ပါသည်။
အခန်း (၁) ကျုပ်တို့ ဖန်တီးတဲ့ ကပ်ရောဂေါ
အခန်း (၂) ကြိုမြင်ခဲ့တဲ့ ကပ်ဘေး
အခန်း (၃) ထွက်နှုန်းမြင့်မွေးမြူရေး (သို့) ရောဂါပိုးစက်ရုံများ