BREAKING
April 19, 2025

သင်္ကြန်ကာလ ကျုံဒိုးတွင် လေယာဉ်ဖြင့်ဆက်တိုက်ဗုံးကြဲ၊ ကိုယ်ဝန်ဆောင်တစ်ဦးအပါ သေဆုံးသူ ကိုးဦးထက်မနည်းရှိလာ

April 18, 2025

ပုံစာ - ကျုံဒိုးအနီးတဝိုက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ထိခိုက်ပျက်စီးသွားသည်ကို တွေ့ရစဉ်။ Photo - ဒေသခံတစ်ဦး။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးအနားတဝိုက်တွင် သင်္ကြန်ကာလအတွင်း လေကြောင်းဖြင့် တိုက်ခိုက် ခံရမှုများကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ကိုးဦးထက်မနည်း သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရကြောင်း ဒေသခံနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ အချက်အလက်များအရ သိရသည်။

ကျုံဒိုးမြို့အနီးအနားတဝိုက်ရှိ ကျေးရွာများထဲကို စစ်ကောင်စီတပ်က ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ကစပြီး နေ့စဉ်ရက်ဆက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဧပြီလ ၁၈ရက်တွင် ကျုံဒိုးမြို့၊ သလွဲထော်ကျေးရွာကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်သောကြောင့် အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးအပါအဝင် သုံးဦးထက်မနည်း ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။

“ရွာတွေကို ပတ်ပြီး နေ့တိုင်း ဗုံးကြဲနေတယ်။ သင်္ကြန်အကြတ်နေ့ကနေ ဒီနေ့အထိပဲ။ ဒီမနက် (ဧပြီ ၁၈) ဆိုရင်လည်း သလွဲထော်မှာ လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ အခုက အပေါ်ကနေ ဗုံးလိုက်ကြဲနေတော့ ဘယ်ပြေးလို့ ပြေးရမှန်းတောင် မသိတော့ဘူး” ဟု ကမ်းနီရွာ ဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်ကလည်း ကျုံဒိုးမြို့တစ်ဘက်ကမ်း ကမ်းနီရွာနှင့် သရက်တောရွာထဲကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

အလားတူ ဧပြီလ ၁၆ ရက်ကလည်း ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာထဲ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၇ နှစ်အရွယ် ကိုယ်ဝန်ဆောင် မနှင်းဦး သေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဧပြီလ ၁၅ ရက်က ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာ ဘုန်းကြီးကျောင်းတိုက်ခိုက်ခံရမှုတွင်လည်း ကလေး လေးဦးအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကော့ကရိတ်-ကျုံဒိုး ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား ဧပြီလ ၁၅ ရက်ကစပြီး တိုက်ပွဲပြင်းထန်နေသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ်အတွင်းရှိ မိဂလုံ၊ ကမ်းနီစံပြ၊ နွားခြံကုန်း၊ လေးတိုင်၊ ငါးတိုင်၊ ကိုးတိုင်၊ ရေပူ အစရှိသည့် ကျေးရွာ ၁၀ ရွာထက် မနည်းကို လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၎င်းအပြင် ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတို့ကလည်း ကျေးရွာများထဲကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ လေယာဉ်များဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ကျုံဒိုးမြို့ အနီးနားတဝိုက်ရှိ ကျေးရွာများက ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။