BREAKING
April 19, 2025

ငလျင်ဘေးအတွက် လှူမည့် ထားဝယ်ပန်းချီပြပွဲ

April 18, 2025

ဓာတ်ပုံ - Dawei Watch

ထားဝယ်ခရိုင်က ပန်းချီဆရာ၊ ဆရာမများနှင့် ဝါသနာရှင်များ စုပေါင်း၍ ပန်းချီပြပွဲတစ်ခုကို ထားဝယ်မြို့တွင် ဧပြီလ ၁၈ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်ကြာကျင်းပနေသည်။

ထားဝယ်မြို့၊ ကမ်းနားလမ်း၊ ယဥ်ကျေးမှုပြတိုက်ကျောဘက်ရှိ ထားဝယ်ခရိုင် ပန်းချီပန်းပု အစည်းအရုံးပိုင် “လှိုင်းခတ်သံ” ပန်းချီပြခန်းတွင် ကျင်းပနေခြင်းဖြစ်သည်။

အဆိုပါပန်းချီပြပွဲတွင် ပန်းချီပညာရှင် ၁၉ ဦးနှင့် ဝါသနာရှင် ၄ဦးတို့၏ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ်၊ မှင် ပန်းချီကား ၄၈ ကား ပြသထားသည်။

ပန်းချီကားများ၏ တန်ဖိုးမှာ ဝါသနာရှင်များ၏လက်ရာ ကျပ် နှစ်သောင်းခွဲမှ ပညာရှင်လက်ရာ ၃၅သိန်းကျပ်တန်အထိ ရှိကြောင်း ပွဲစီစဉ်သူများထံမှသိရသည်။

ပန်းချီပြပွဲတွင် ရောင်းချရရှိသည့် ငွေများကို ပန်းချီဆရာများဆန္ဒအရ အနိမ့်ဆုံး ၅၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်အထိ ငလျင်ဘေးအတွက် ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ပန်းချီပြပွဲတွင် ထားဝယ်ဒေသထွက် အိုး၊ ဆီမီးခွက်နှင့် သပိတ်အိုးများအား ဆေးရောင်ဖြင့် အလှဆင်ရောင်းချ၍ ငလျင်ဘေးကူညီရန် ရန်ပုံငွေရှာဖွေနေသည့် လူငယ်များကိုလည်းတွေ့ရသည်။

လှိုင်းခတ်သံ ပန်းချီပြခန်း၏ လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် လှိုင်းခတ်သံ – Art Space စာမျက်နှာတွင်လည်း ပန်းချီပြပွဲတွင် ခင်းကျင်းပြသထားသည့် ပန်းချီကားများကို အွန်းလိုင်းပြပွဲအနေဖြင့် ပြသထားကြောင်း အဆိုပါပြခန်းထံမှ သိရသည်။