မြိတ်မြို့တွင် သင်္ကြန်ကာလ ဧပြီလ ၁၃ ရက်မှ ၁၆ ရက် လေးရက်တာအတွင်း ယာဥ်မတော်တဆမှု အကြိမ် ၂၀ ခန့် ဖြစ်ပွားခဲ့ကြောင်း မြို့ခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက် တစ်ရက်တည်းတွင် ယာဥ်မတော်တဆမှု ၁၅ ကြိမ်ခန့်ဖြစ်ခဲ့ပြီး အကြိမ်ရေ အများဆုံးဖြစ်ခဲ့ကာ ကျန်ရက်များတွင်လည်း နေ့တိုင်းနီးပါး ယာဥ်မတော်တဆမှုများ ရှိခဲ့ကြောင်း မြို့ခံ လူမှုကယ်ဆယ်ရေး အသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
“အကျနေ့တစ်ရက်တည်း ကျွန်တော်တို့ အသင်းက ပို့ပေးတဲ့ လူနာက သုံးယောက်ရှိတယ်။ ယာဥ်တိုက်မှုဖြစ်ပြီး အခြားအသင်းက ပို့တာနဲ့ ကိုယ့်အစီအစဥ်နဲ့ကိုယ် ဆေးရုံရောက်နေသူတွေပါ အားလုံးပေါင်းဖြစ်စဥ် ၁၅ ခုလောက် ရှိတယ်။ ကျန်ရက်တွေကတော့ ဖြစ်တယ် ။ တစ်ကြိမ်၊ နှစ်ကြိမ် လောက်ပဲ။ အကျနေ့က အများဆုံးပဲ” ဟု ၎င်းက ပြောဆိုသည်။

သင်္ကြန်တွင်းကာလ ယာဥ်မတော်တဆမှုဖြစ်စဥ်များကြောင့် မြိတ်မြို့တွင် လူသေဆုံးမှု မရှိသော်လည်း ဦးခေါင်းဒဏ်ရာရသူ နှင့် ခြေလက်ကျိုးသူများ ရှိကြောင်း မြို့ခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယာဥ်မတော်တဆမှုများသည့် ရှမ်းချောင်းနှင့် ကန်ဖျားလမ်းမကြီးနှစ်ခုတွင် အများဆုံးဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်အများစုသည် ဆိုင်ကယ်မောင်းနေစဥ် မျက်နှာအား ရေပက်ခံရ၍ ဆိုင်ကယ်တိမ်းမှောက်သည့် ဖြစ်စဥ်များဖြစ်ပြီး ဘေးတွဲဆိုင်ကယ် ၊ ကား နှင့် ဆိုင်ကယ် တိုက်မိသည့် ဖြစ်စဥ်များလည်းရှိကြောင်း မြို့ခံများက ဆိုသည်။
မြိတ်မြို့တွင် ဦးမြတ်လေး ပန်းခြံအနီးတွင် သင်္ကြန်ရေကစားမဏ္ဍပ်အကြီး တစ်ခုရှိပြီး ကျန်ရပ်ကွက်များတွင် သင်္ကြန်ရက်များ၌ ညဘက်အထိ ရေကစားသူများနှင့် သင်္ကြန်လည်သူများဖြင့် စည်ကားခဲ့သည်။