ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ရေခဲစက်ရုံတစ်ခုတွင် အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဓာတ်ငွေ့ရှူသွင်းမိသော လူပေါင်း ၁၂၀ ကျော် ထိခိုက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဓာတ်ငွေ့ ရှူရှိုက်မိသူများသည် မျက်လုံး၊ လည်ချောင်းနှင့် နှာခေါင်းများတွင် ကျိန်းစပ်ခြင်းမျိုး ကြုံတွေ့ရပြီး အချို့မှာ မူးဝေကာ သတိမေ့မြောခဲ့ကြောင်း ဖော်ပြသည်။
ရေခဲရုံတွင် ဧပြီလ ၁၇ရက် ည ၁၁ နာရီကျော်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဓာတ်ငွေ့ယိုစိမ့် ခြင်းဖြစ်သည်။
စက်ရုံနှင့် အနီးပတ်ဝန်းကျင် ၁ ကီလိုမီတာကျော်အကွာအထိ ဓာတ်ငွေ့ယိုစိမ့်ခဲ့သဖြင့် ညတွင်းချင်း ခရိုင်အတွင်းရှိ ကယ်ဆယ်ရေးအဖွဲ့များက လာရောက်ကူညီဆောင်ရွက်ပေးကြကြောင်း သတင်းတွင် ဖော်ပြသည်။
စက်ရုံအတွင်းရှိ အလုပ်သမားများနှင့် အနီး ၂ ကီလိုမီတာအကွာရှိ ပြည်သူများကို ညတွင်းချင်း ကယ်ထုတ်ခဲ့ကြပြီး ဓာတ်ငွေ့ယိုစိမ့်သော နေရာဝန်းကျင်ကို သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
အမိုးနီးယားဓာတ်ငွေ့ကို ရှူရှိုက်မိသော အလုပ်သမားများနှင့် အနီးရှိ ပြည်သူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးပြုစုကုသပေးပြီးနောက် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြသည်။





စက်ရုံအတွင်းရှိ ဓာတ်ငွေ့ယိုစိမ့်မှုကို ယနေ့ နံနက် ၄ နာရီတွင် ထိန်းချုပ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ ၁၂၈ ဦး အထိ ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စက်ရုံတွင် မြန်မာအလုပ်သမားများ ရှိမရှိ မသိရသေးပေ။
ထိုင်းအာဏာပိုင်များက အနီးရှိ ပြည်သူများကို ဓာတ်ငွေ့နှင့် ထိတွေ့ခဲ့သော အစားအစာများကို မစားသုံးရန်နှင့် မျက်လုံးစပ်ခြင်း၊ အသက်ရှူရခက်ခြင်းများ ကြုံတွေ့လာပါက ဆေးရုံသို့ ချက်ချင်းသွားပြကြရန် တိုက်တွန်းထား သည်။
Ref: The Nation Thailand, Thai PBS News