ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံ မြဝတီသို့ပို့ဆောင်မည့် ငွေသား ဘတ်သန်း ၈၀ ကို ယမန်နေ့က သိမ်းဆည်းရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
အဆိုပါငွေကြေးများသည် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်နေသော ငွေကြေးများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။
တာခ့်ခရိုင်ရဲတပ်ဖွဲ့က သတင်းရရှိမှုကြောင့် မဲဆောက်မြို့ကို ရောက်ရှိလာသည့် တိုယိုတာကားတစ်စီးကို စစ်ဆေးရေးဂိတ်ချပြီး တားဆီးစစ်ဆေးရာမှ ကားအတွင်း အိတ် ငါးလုံးဖြင့် ထည့်ထားသော ငွေသား ဘတ် သန်း ၈၀ ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကားပေါ်တွင် ထိုင်းကားသမားနှင့် နောက်လိုက်တစ်ဦးတို့ လိုက်ပါလာကြပြီး ကားသည် အယုဒ္ဓယခရိုင်ရှိ ဘန်ပအင်းဒေသမှ မဲဆောက်သို့ ဘတ်ငွေ ၅၀၀၀ ဖြင့် ပို့ဆောင်ပေးရန် ငှားရမ်းခဲ့သဖြင့် ပို့ပေးခြင်းဖြစ်ကြောင်း ကားသမားက ဝန်ခံထားသည်။
မြန်မာနိုင်ငံ မြဝတီသို့ ဆက်လက်ပို့ဆောင်ရမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး မည်သည့်လမ်းကြောင်းဖြင့် ပို့ဆောင်မည်ကို အသေးစိတ်ဖြေကြားထားခြင်း မရှိပေ။
ငွေသားများကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပြီးနောက် အမှုတွင် ပါဝင်သူများကို ဆက်လက် စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Ref: Siamrath, MGR Online