BREAKING
December 27, 2024

ထားဝယ်ဒေသထွက် ဒူးရင်းစေ့များ ဝယ်နေ၊ ဈေးကောင်းမရ

April 18, 2023

ထားဝယ်ဒေသထွက် ဒူးရင်းစေ့ တစ်ပိဿာကို ၁၅၀ဝကျပ်ဖြင့် ပေးဝယ်နေကြောင်း ထားဝယ်မြို့ပေါ်ရှိ ဒူးရင်းစေ့အဝယ်ဒိုင်အချို့ထံမှ သိရသည်။

ဒူရင်းစေ့များမှာ ပြီးခဲ့သည့်လေးနှစ်အတွင်း တစ်နှစ်ထက် တစ်နှစ်ဈေးနှုန်း ကျဆင်းနေကြောင်းလည်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် အစေ့ကြီး အဖြူ လုံးသန့်များကိုသာ ဝယ်ယူနေသည်ဟု ဒူးရင်းသီးအစေ့အဝယ်ဒိုင် ဖွင့်လှစ်ထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“အစေ့မဲ၊ အကွဲတွေတော့ မယူပါဘူး” ဟု ၎င်းက ဆိုသည်။

စားပြီး နှစ်ရက်သာရှိသေးသည့် ဒူးရင်းစေ့များသာ ရောင်းတန်းဝင်ကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုသည်။

“အစေ့က အထားကြာရင် မဲသွားတယ်။ အပင်ပေါက်သွားတယ်ပေါ့၊ အဲဒါလိုမျိုးဆို မဝယ်ဘူး” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ဒူးရင်းသီးထွက်ရှိသည်။ ထားဝယ်ဒေသနှင့် မြိတ်ဒေသမှ ထွက်သည့် ဒူးရင်းစေ့ကို ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချကြကြောင်း အဝယ်ဒိုင်များထံမှ သိရသည်။

ဒူးရင်းစေ့ကို အပင်ဖောက်ပြီး ပျိုးပင်အဖြစ်ပြန်လည် ရောင်းချရန်လည်း မှာယူကြကြောင်း မြိတ်မြို့တွင် ဒူးရင်းသီးအစေ့ အဝယ်ဒိုင်ဖွင့်လှစ်ထားသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“မြိတ်မှာက တစ်ပိဿာ ၂၀၀၀ ကျပ်ရှိတယ်။ ဈေးကတော့ အပြောင်းအလဲ အမြဲရှိတယ်” ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် လေးနှစ်ခန့်က ဒူးရင်းစေ့ တစ်ပိဿာကို ၇၀၀ဝကျပ်အထိ ပေးဝယ်ရပြီး နောက်ပိုင်းနှစ်များတွင် တစ်ပိဿာကို ၅၀၀ဝကျပ်၊ ၃၀၀ဝကျပ်၊ ၁၅၀ဝကျပ်အထိ ဈေးနှုန်း ကျဆင်းသွားသည်ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

“ဝယ်လိုအားပေါ်မူတည်သလို လမ်းခရီးကြန့်ကြာရင် ပစ္စည်းက မဲသွားတာတို့ အပင်ပေါက်တာတို့ဖြစ်သွားတတ်တယ်။ အဲဒါကြောင့် ဈေးက အရနည်းသွားတာမျိုးပါ” ဟု ၎င်းက ပြောသည်။

ယိုးဒယား မျိုး ဒူးရင်းစေ့များကိုမှု ဝယ်ယူလေ့မရှိကြောင်း အထက်ပါဈေးကွက်ထံမှသိရှိရသည်။

ယိုးဒယားသီးမှာ အသားများပြီး အစေ့ သေးငယ်နေသည့်အတွက် ရောင်းတန်း မဝင်ကြောင်း ဆိုသည်။

ဒူရင်းသီးအစေ့များကို ဧပြီလနှင့် မေလ နှစ်လသာ ဝယ်ယူလေ့ရှိကြောင်း အဝယ်ဒိုင်များထံမှ သိရသည်။

ထားဝယ်ဒေသတွင် ဒူးရင်းစေ့ကို ဒူးရင်းယိုထုတ်လုပ်ရောင်းချသူများက အများဆုံး လာရောက်ရောင်းချလေ့ ရှိကြောင်း အဝယ်ဒိုင်များံမှ သိရသည်။

ထိုင်းနိုင်ငံတွင် ဒူးရင်းစေ့ကို ဆပ်ပြာ၊ အသားလှဆီ စသည့် လူသုံးအလှကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုလေ့ရှိသည်။

ယင်းအပြင် ဂျုံမှုန့်နှင့် မုန့်အမျိုးမျိုး လုပ်ရာတွင်လည်း အသုံးပြုသလို အပင်မျိုးစပ်ကိုင်းကူးရာတွင်လည်း အသုံးပြုကြသည်။