ထိုင်းနိုင်ငံတွင် Vape (အီး-စီးကရက်) သောက်သုံး၊ရောင်းချမှုများကို အရှိန်မြှင့် ဖမ်းဆီးသွားရန် ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ညွှန်ကြားလိုက်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်က အီး-စီးကရက် (E-cigarette) များ သိုလှောင်ရာ ဂိုထောင်တစ်ခုကို ဖမ်းဆီးရမိစဉ် ယနေ့ မတ်လ ၁၈ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ် ကိုယ်တိုင် ရောက်ရှိလာပြီး အာဏာပိုင်များကို ယင်းသို့ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
“မီးခိုးငွေများ တိုက်ထုတ်ရေးလုပ်ဆောင်ချက်” ဟုအမည်ပေးထားသည့် ၈ လကြာ ဖမ်းဆီးအရေးယူနိုင်ရေး စီမံချက်အရ နိုင်ငံတစ်ဝန်း အီး-စီးကရက်နှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
စီမံချက်အရ အီး-စီးကရက်များ တင်သွင်းသူ၊ ဖြန့်ချိသူ၊ ရောင်းချသူ၊ သောက်သုံးသူများအပါအဝင် ပါဝင်ပတ်သက်နေသော အာဏာပိုင်များကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားလိုက်သည်။
ထို့အပြင် စာသင်ကျောင်း၊ တက္ကသိုလ်များတွင်လည်း ကျောင်းသားများ အီး-စီးကရက်၏ ဆိုးကျိုးနှင့် တရားမဝင်မှုများကို ကျောင်းတာဝန်ရှိသူများက ပညာပေးလုပ်ဆောင်သွားရန် ဆက်လက်ညွှန်ကြားသည်။
အကယ်၍ ကျောင်းတာဝန်ရှိသူများကိုယ်တိုင် သုံးစွဲသည်ကို စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း ညွှန်ကြားသည်။
အီး-စီးကရက်များ ဖမ်းဆီးနှိမ်နှင်းရေးစီမံချက်အရ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်ထဲရှိ နေရာ ၁၀ ခုကို ထိုင်းအာဏာပိုင်များက ယနေ့ မတ်လ ၁၈ ရက်နေ့က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
ခရိုင်ထဲက သိုလှောင်ရုံ ၅ ခုနှင့် အိမ် ၅ လုံးကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီးနောက် တရုတ်နိုင်ငံထုတ် အီး-စီးကရက်ပေါင်း ၂၆၀,၀၀၀ ကျော်နှင့်အတူ ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
သိမ်းဆည်းရမိသော ပစ္စည်းများသည် ကာလတန်ဖိုး ဘတ် ၁၃၀ သန်းခန့်ရှိပြီး ချွန်ဘူရီခရိုင် ဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံက တရားမဝင် တင်သွင်းထားသော ပစ္စည်းများဖြစ်ကြောင်း ဖော်ပြသည်။
စစ်ဆေးစဉ် ပစ္စည်းများနှင့်အတူ သိုလှောင်ရုံစောင့် နှစ်ဦးလည်း ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။
လျှပ်စစ်ပစ္စည်းများကို အွန်လိုင်းမှတဆင့် နိုင်ငံတဝန်းက ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို ဖြန့်ချိနေသည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံတွင် အီး-စီးကရက်သောက်သုံးခြင်းကို ၂၀၁၄ ခုနှစ်ကတည်းက တားမြစ်ထားသည်။
အီး-စီးကရက်သည် လူငယ်များကြား ရေပန်းစားပြီး စွဲလန်းစေတတ်သည့် နီကိုတင်းဓာတ်လည်း ပါဝင်ကာ ဆေးလိပ်ကဲ့သို့ပင် အဆုတ်ကို ဒုက္ခပေးနိုင်ကြောင်း ဆရာဝန်များက ထောက်ပြထားသည်။
နီကိုတင်းဓာတ်က လူငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးခြင်းကို ထိခိုက်စေနိုင်ပြီး အီး-စီးကရက်က သန္ဓေသားကို ထိခိုက်စေနိုင်သလို ဆယ်ကျော်သက်များ၏ ဦးနှောက်ကို ပျက်စီးစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
Ref: Bangkok Post, The Nation Thailand