ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်လမ်းပိုင်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ရွာငါးရွာတွင် ကျန်ရှိနေသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသခံများ၊ စစ်ဘေးရှောင် အရေး ကူညီနေသူအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ရက်ရှည်တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ် သိန်ခွန်းရွာဝန်းကျင်တွင် မတ် ၉ရက်မှစ၍ တိုက်ပွဲများ ပိုမိုပြင်းထန် လာပြီး စစ်ကောင်စီတပ်က အနီးဝန်းကျင်များကို လက်နက်ကြီးဖြင့် ပိုမိုပစ်ခတ်လာကြောင်း ၎င်းတို့က ဆိုသည်။
ထို့ကြောင့် သိန်ခွန်းရွာဝန်းကျင်ရှိ ကွမ်းသီးတော၊ ဝါးကြမ်းပါး၊ တားပလတ်၊ ရေဖြူ၊ ချောင်းနှစ်ပေါက်ရွာ စသည့် ကျေးရွာ များတွင် ကျန်ရှိနေသည့်ဒေသခံများ တိမ်းရှောင်ရခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
အထက်ပါ ကျေးရွာများနေ ဒေသခံတချို့တစ်ဝက်မှာ ယခင်ကတည်းက စစ်ဘေးရှောင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် ကျန်ရှိနေသည့် ဒေသခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။
“စစ်ကောင်စီဘက်က ရမ်းသမ်းပစ်လိုက်တာ ၁၂၀မမ (လက်နက်ကြီးကျည်) ရွာထဲလာကျတာ ရွာထဲကလူတွေ ကြောက်ပြီး ပြေးကြလေရော။ ရွာသားတွေတော့ ထိခိုက်မှုမရှိဘူး” ဟု တားပလပ်ရွာသားသူ အသက် ၂၇နှစ် အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါကျေးရွာငါးရွာမှ ပြည်သူ ၆၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူနေသူ အမျိုးသားတစ်ဦးက ပြောဆိုသည်။
ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးလာရသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်သဖြင့် စားနပ်ရိက္ခာလိုအပ်ချက် ရှိလာကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။
“ရွာက ထွက်လာတုန်းကတော့ စားနပ်ရိက္ခာတွေ ပါလာတာပဲ။ အခုက တစ်ပတ်ကြာပြီလေ ရှောင်နေရတာ။ ပါလာတာတွေ နည်းနည်းပဲကျန်တော့တယ်။ အဝတ်အစားတွေက ဖြစ်သလို ဝတ်လို့ရပေမယ့် ရိက္ခာကုန်လာရင် စားဖို့မရှိပြီ” ဟု စစ်ဘေးရှောင်နေရသည့် တားပလတ်ရွာသား အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
နေထိုင်ရာ ကျေးရွာအတွင်းဝင်ပြီး စားနပ်ရိက္ခာသွားယူမည်ဆိုပါက လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်သဖြင့် မသွားရဲဘဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။
ကော်သူးလေတပ် KTLA-Tcjf ပြန်ကြားရေး ကိုစိုင်းညီကမူ “လက်နက်ကြီးက ရွာထဲကိုပဲ ပစ်ပစ်ထည့်နေတာ။ ဆိုင်ကယ်သံ ကြားလို့ကို မရဘူး” ဟု ပြောသည်။
တနင်္သာရီ-မောတောင်လမ်းပိုင်းရှိ ထုံခါရွာ၊ သိန်ခွန်းရွာ၊ ကွမ်းသီးတောရွာ၊ သဲဖြူရွာစသည့်ရွာများမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး တိုက်ပွဲစဖြစ်ခဲ့သည့် ပြီးခဲ့သည့် သုံးလခန့်ကတည်းက ရွာလုံးကျွတ်စစ်ရှောင်နေရပြီး စစ်ရှောင်ဦးရေ နှစ်ထောင်ကျော် ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူအချို့ထံမှ သိရသည်။
မတ်လ ၈ ရက်ကလည်း သိန်ခွန်းရွာရှိ နေအိမ် ၁၁ ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် တိုက်ပွဲများကြောင့် ဒေသခံအားလုံး ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည် လိုအပ်ချက်ရှိနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် တနင်္သာရီ-မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည်မှာ သုံးလဝန်းကျင်ရှိလာပြီဖြစ်ပြီး တိုက်ပွဲများ တောက်လျှောက် ပြင်းထန်နေသည်။
စစ်ကောင်စီတပ်သည် လူနေကျေးရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသလို လက်နက်ကြီးဖြင့်လည်း မကြာခဏပစ်ခတ်နေသည်။