BREAKING
March 18, 2025

ထားဝယ်တွင် ကျောင်းသားတစ်ဦးပျောက်ဆုံး

March 18, 2025

ထားဝယ်တွင် နွေရာသီကျောင်းပိတ်ရက် ကွန်ပျူတာသင်တန်းတက်နေသည့် ကျောင်းသားတစ်ဦး ပျောက်ဆုံးနေကြောင်း မိသားစုဝင်များကပြောသည်။

သင်တန်းတက်ရောက်နေသည့် ထားဝယ်မြို့ လေးထပ်ကျောင်းမှ အိမ်ပြန်မည်ဟုဆိုကာ မတ်လ ၁၇ရက် နံနက် ၁၁နာရီတွင် ထွက်သွားပြီးနောက် အဆက်အသွယ်မရတော့ကြောင်း မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

ပျောက်ဆုံးနေသည့်ကျောင်သားမှာ အသက် ၁၅နှစ်အရွယ် မောင်ဆန်းမင်းဦးဖြစ်ပြီး ထားဝယ်မြို့ မောင်မယ်ရှောင်ရွာ ဇာတိဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

၎င်းသည် ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ လေးထပ်ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် GRADE 7 တက်ရောက်ပညာသင်ယူပြီးနောက်နွေရာသီကျောင်းပိတ်ရက်တွင် ယင်းကျောင်း၌ပင် ကွန်ပျူတာသင်တန်း ဆက်လက်သင်ယူနေကြောင်း အဘွားဖြစ်သူက ဆိုသည်။

“အိတ်တစ်လုံးနဲ့ (ရွာ) အိမ်ပြန်မယ်ဆိုပြီး ထွက်လာတာလို့ ကျောင်းကသူငယ်ချင်းတွေက ပြောတယ်။ သူ့ဆီမှာ ဖုန်းတစ်လုံး ပါတယ်။ အခုထိလည်း သူဖုန်းကို ဆက်မရတော့ဘူး။ တစ်ခါမှလည်း ဒီလို ဆက်သွယ်မရ မဖြစ်ဖူးဘူး” ဟု အဘွားဖြစ်သူက ပြောသည်။

ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်၌ရှိသော လေးထပ် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဇေယျဘုမ္မိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များမှ စစ်ဘေးရှောင် ကျောင်းသားများ အများဆုံးပညာသင်ယူနေကြခြင်း ဖြစ်သည်။

မောင်ဆန်းမင်ဦးမှာလည်း စစ်ဘေးရှောင် ကျောင်းသားတစ်ဦးဖြစ်ပြီး တွေ့ရှိပါက ဖုန်းနံပါတ် ၀၉၄၄၈၂၁၃၆၇ နှင့် ၀၉၇၇၈၁၃၀၀၄၉ သို့ ဆက်သွက်အကြောင်းကြားပေးရန် မိသားစုက ယနေ့ အကူအညီတောင်းထားသည်။