BREAKING
March 18, 2025

ဖူးခက်တွင် ထားဝယ်ကလေးငယ်အများစုအပါအဝင် မြန်မာသုံးရာကျော် ပညာသင်နေသောကျောင်းကို ရပ်ခိုင်း

March 18, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ကျွန်းတွင် မြန်မာကလေးငယ် သုံးရာကျော် ပညာသင်ယူနေသည့် ကျောင်းကို ရပ်နားရန် ထိုင်းအာဏာပိုင်များက ညွှန်ကြားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖူးခက်မြို့၏ ငါးဖမ်းလှေဆိပ်ထဲက မြန်မာကလေးများ၏ အခမဲ့စာသင်ကျောင်းကို ရုပ်သံတင်ဆက်သူတစ်ဦးက ရုပ်သံမှတ်တမ်းထဲတွင် ထည့်သွင်းတင်ဆက်လိုက်ရာမှ ထိုင်းနိုင်ငံသားများက ဝေဖန်မှုမြင့်တက်လာခြင်းဖြစ်သည်။

မြန်မာစာသင်ကျောင်းများ အခမဲ့ဖွင့်ထားခြင်းနှင့်ပတ်သက်၍ မတ်လ ၁၇ ရက်က ဖူးခက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ပေါင်းစုံက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ကျောင်းတွင် စာသင်ကြားခြင်းကို ရပ်နားရန် ညွှန်ကြားထားကြောင်း ပြောဆိုသည်။

သို့သော်လည်း ကလေးငယ်များ အခြားလှုပ်ရှားမှုများ လာရောက်လုပ်ဆောင်နိုင်ရန်အတွက် ကျောင်းကို ဆက်လက် ဖွင့်ခွင့်ပြုထားကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာကလေးစာသင်ကျောင်းရုပ်သံသည် Ride with Gabi အမည်ဖြင့် Youtube တွင် ရုပ်သံတင်ဆက်သူက “ဖူးခက်မြို့၏ အခြားတဖက်-The Other Side of Phuket” ရုပ်သံကို ရိုက်ကူးတင်ဆက်ခဲ့ပြီး Youtube တွင် ကြည့်ရှုသူပေါင်း ငါးသောင်းခန့်ရှိသည်။

အဆိုပါရုပ်သံသည် ဖူးခက် ငါးဖမ်းလှေဆိပ်အနီး အိမ်ခန်းများတွင် နေထိုင်သော မြန်မာနိုင်ငံသားများအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများ၏ စားဝတ်နေရေး ရုန်းကန်နေရပုံ၊ ကလေးငယ်များ ပညာသင်ကြားခွင့်နှင့် အလုပ်သမားများ အခွင့်အရေး မရရှိကြသည့်အကြောင်း စသည်တို့ကို ထုတ်ဖော်ပြသခဲ့သဖြင့် ထိုင်းနိုင်ငံသားများကြား နာမည်ကြီးလာသလို ဝေဖန်မှုလည်း မြင့်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဖူးခက်မြို့ ဌာနဆိုင်ရာပေါင်းစုံက ကျောင်းကို သွားရောက်စစ်ဆေးစဉ် ကျောင်းကို Good Shepherd Phuket Town ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာကလေးငယ်များကို အခမဲ့ ပညာသင်ကြားပေးနေကြောင်း တွေ့ရှိရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ကျောင်းတွင် လုပ်အားပေးသင်ကြားပေးနေသော နိုင်ငံခြားသားဆရာများနှင့်အတူ မြန်မာနိုင်ငံသား ရှစ်ဦးကိုလည်း စစ်ဆေးတွေ့ရှိရကြောင်း ဆိုသည်။

ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် မြန်မာကလေးငယ် သုံးရာ ကျော်ကိုလည်း တွေ့ရှိခဲ့ပြီး ကလေးမိဘများ၏ နေထိုင်ခွင့် စာရွက်စာတမ်းများကိုပါ စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

စာသင်ကျောင်းကို စစ်ဆေးစဉ် ထိုင်းအစိုးရထံတွင် မှတ်ပုံတင်ထားခြင်း မရှိသဖြင့် ကျောင်းတွင် စာသင်ကြားပေးနေမှုကို ရပ်နားရန် အာဏာပိုင်များက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းရပ်နားလိုက်သဖြင့် စာသင်ကြားနေသော ကလေးငယ်များနှင့် စစ်ဆေးခံရသော မြန်မာနိုင်ငံသားများ၏ နောက်ဆက်တွဲအခြေအနေကို Good Shepherd Phuket Town ဖောင်ဒေးရှင်းထံ Dawei Watch က ဆက်သွယ် မေးမြန်းထားဆဲဖြစ်သည်။

ပညာသင်ကြားနေသော ကလေးအများစုက ထားဝယ်ဒေသက ဖြစ်ကြောင်း ဖောင်ဒေးရှင်းဒါရိုက်တာဖြစ်သူက Bangkok Post သတင်းဌာနသို့ဖြေကြားထားသည်။

လက်ရှိတွင် လုပ်အားပေးနေသော နိုင်ငံခြားသားများမှာ အရေးယူခံရခြင်း မရှိနိုင်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

သို့သော်လည်း ကျောင်းတည်ထောင်သူနှင့် မြန်မာနိုင်ငံသားများကိုမူ မည်သို့ အရေးယူဆောင်ရွက်ရမည်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

Ref: The Thaiger, Thairath, The Nation, Thai Post, Phuket News