BREAKING
March 18, 2025

အပစ်ရပ်သဘောတူညီချက် ချိုးဖောက်၍ အစ္စရေးက ဂါဇာအနှံ့ကို ရုတ်တရက် တိုက်ခိုက်၊ ပါလက်စတိုင်း ၂၀၀ ကျော် သေဆုံး

March 18, 2025

ဓာတ်ပုံ - Al Jazeera, Time Magazine

ဟားမတ်စ်ပစ်မှတ် ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုကာ အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသ အနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများကို ယနေ့ (အင်္ဂါနေ့)အစောပိုင်းက ပြုလုပ်ခဲ့သည်။

ယင်းမှာ ယခုနှစ်ဇန်နဝါရီလတွင် အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်လာခဲ့ပြီးနောက်ပိုင်း ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာသည့် အစ္စရေးဘက်က အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးသူငယ် အမြောက်အများအပါအဝင် ပါလက်စတိုင်းဦးရေ ၂၀၀ ကျော် သေဆုံးခဲ့ရကြောင်း ဂါဇာအစိုးရမီဒီယာဌာနက ထုတ်ပြန်ထားသည်။

အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရှေ့ဆက်တိုးရန် ဆွေးနွေးမှုတွင် တိုးတက်မှုမရသဖြင့် ယင်းသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် အမိန့်ပေးခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ဆိုသည်။

ယင်းတိုက်ခိုက်မှုမှာ ဆက်လက်ကျယ်ပြန့် လာဖွယ်ရှိနေသည်ဟု အစ္စရေးအရာရှိများက ဆိုသည်။

“အခုချိန်ကစပြီး အစ္စရေးက ဟားမတ်တွေအပေါ်မှာ စစ်ရေးအရ အင်အားတိုးမြှင့်ပြီး ဆောင်ရွက်လာတော့မယ်”ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

အဆိုပါ လျှပ်တပြက်တိုက်ခိုက်မှုကြောင့် အစ္စလာမ်ဘာသာဝင်တို့၏ ရာမဒန်ဥပုသ်လအတွင်း ဂါဇာကမ်းမြောင်၌ အတန်ငယ် တည်ငြိမ်မှုရနေသည်တို့ ပျက်ပြားသွားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က စတင်ခဲ့သည့် အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ပါလက်စတိုင်းပြည်သူပေါင်း ၄၈,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံး ကြေမွပျက်စီးခဲ့ရသည်။

ယနေ့ အင်္ဂါနေ့အစောပိုင်းက အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အစ္စရေး-ဟားမတ်စ် မီးကုန်ယမ်းကုန်စစ်ပွဲ ပြန်လည်စတင်လာတော့မည့် အလားအလာ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

ဟားမတ်စ်အဖွဲ့က ထိန်းသိမ်းထားပြီး အသက်ရှင်နေသေးသည်ဟု ယူဆရသည့် အစ္စရေးဓါးစာခံ နှစ်ဒါဇင်ဝန်းကျင်၏ ကံကြမ္မာမှာအပေါ် မေးခွန်းများလည်း မြင့်တက်လာသည်။

အစ္စရေး၏ အဆိုပါ တိုက်ခိုက်မှုကို ဟားမတ်စ်အဖွဲ့က ရှုံ့ချခဲ့ပြီး ယင်းတိုက်ခိုက်မှုက အစ္စရေးဓားစာခံများ၏ ကံကြမ္မာကို အန္တရာယ်တွင်းထဲ တွန်းပို့လိုက်ပြီဟု ထုတ်ပြန်ခဲ့သည်။

Source: Associated Press ၊ Al Jazeera