BREAKING
March 18, 2025

စစ်ကောင်စီ ဒရုန်းတိုက်ခိုက်မှုကြောင့် ဒေါနတပ်ရင်းက ရဲဘော်နှစ်ဦးသေဆုံး

March 18, 2025

ပုံစာ - မတ်လ ၁၇ရက်က ပြုလုပ်ခဲ့သည့် ရဲဘော်နှစ်ဦး၏ စျာပန။ ဓာတ်ပုံ - YGF

မွန်နှင့် တနင်္သာရီတွင် စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၏ တပ်ခွဲ ၃ ၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ရဲဘော်နှစ်ဦးသည် စစ်ကောင်စီတပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးကြောင်း YGF တပ်ဖွဲ့ ထံမှ သိရသည်။

ရဲဘော် ရဲဇာနည်ကျော် (ခေါ်) ဇာနည်နှင့် ရဲဘော် လင်းလင်း (ခေါ်) မင်းမွန်တို့သည် မတ်လ ၁၅ ရက်တွင် ရှေ့တန်း စစ်ဆင်ရေးတစ်နေရာတွင် စစ်ကောင်စီ၏ ဒရုန်းဗုံး ထိမှန်ပြီး သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

“ရဲဘော်တွေကတော့ တိုက်ပွဲဖြစ်ပွားရင်းကျဆုံးခဲ့တာ မဟုတ်ဘဲ ရှေ့တန်းမှာပဲ စစ်ကြောင်းထိုးလာတဲ့ ရန်သူစစ်‌ကောင်စီ ဒရုန်း အကြဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာပါ” ဟု YGF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က ပြောသည်။

ရဲဘော်နှစ်ဦး၏ စျာပနကို တပ်ဖွဲ့အစီအစဉ်ဖြင့် မတ်လ ၁၇ ရက်က ပြုလုပ်ခဲ့ကြောင်း YGF တပ်ဖွဲ့ ထံမှ သိရသည်။

တနင်္သာရီတိုင်းတွင်လည်း ၂၀၂၄ ခုနှစ် နှစ်လယ်ခန့်ကစ၍ စစ်ကောင်စီဘက်က ဒရုန်းအသုံးပြု၍ တန်ပြန်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရမှုများ ရှိသလို အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

FE5 Tanintharyi ၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ထုတ်ဝေသည့် အစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ ခြောက်လတာအတွင်း စစ်ကောင်စီဘက်က ဒရုန်း အသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၆၉ ကြိမ် ထက်မနည်း ရှိခဲ့ကြောင်း ဖော်ပြထားသည် ။