BREAKING
March 18, 2025

ရဝမ်ဒါက ဘယ်လ်ဂျီယမ်နှင့် သံတမန်ဆက်ဆံရေး ရပ်စဲ

March 18, 2025

ဘယ်လ်ဂျီယမ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ရပ်စဲလိုက်ပြီဟု ရဝမ်ဒါအစိုးရက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာလိုက်ပြီး ရဝမ်ဒါရှိ ဘယ်လ်ဂျီယမ်သံတမန်များအားလုံး ၄၈ နာရီအတွင်း နိုင်ငံမှ ထွက်ခွာသွားရန် အမိန့်ထုတ်လိုက်သည်။

လက်ရှိဖြစ်ပွားနေသည့် ကွန်ဂိုလက်နက်ကိုင်ပဋိပက္ခအရေးနှင့် ပတ်သက်၍ ရဝမ်ဒါနိုင်ငံ ထိခိုက်စေမည့် အရာကို ဘယ်လ်ဂျီယမ်အစိုးရက အစဉ်တစိုက် လုပ်ဆောင်လျက်ရှိသည်ဟု ရဝမ်ဒါနိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။

ဘယ်လ်ဂျီယမ်အစိုးရကလည်း ရဝမ်ဒါသံတမန်များကို နိုင်ငံအတွင်း လက်ခံတော့မည် မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။

ဘယ်လ်ဂျီယမ်နှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ပြီး သံတမန်များကို လက်မခံတော့ကြောင်း ရဝမ်ဒါ၏ ဆုံးဖြတ်ချက်အပေါ် ဝမ်းနည်းကြောင်း ဘယ်လ်ဂျီယမ်နိုင်ငံခြားရေးဝန်ကြီး Maxime Prevot က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခအရေးတွင် ရဝမ်ဒါအစိုးရအပေါ် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှု ချမှတ်ရန် ဘယ်လ်ဂျီယမ်က အားပေးလှုံ့ဆော်နေသည်ဟု ရဝမ်ဒါသမ္မတက တနင်္ဂနွေနေ့က စွပ်စွဲပြောဆိုခဲ့သည်။

ရဝမ်ဒါအစိုးရ ကျောထောက်နောက်ခံပြုထားသည့် M23 လက်နက်ကိုင်သူပုန်အဖွဲ့က ယခုနှစ် အစောပိုင်းတွင် ကွန်ဂိုနိုင်ငံအရှေ့ပိုင်း၌ ထိုးစစ်ကြီး တစ်ခု စတင်ခဲ့ပြီး လက်ရှိအချိန်အထိ အဓိကမြို့ကြီးနှစ်မြို့ကို သိမ်းပိုက်ထားသည်။

အဆိုပါ ထိုးစစ်အတွင်း အနည်းဆုံး လူပေါင်း ၇၀၀၀ သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ကွန်ဂိုအစိုးရက ထုတ်ပြန်ထားပြီး နိုင်ငံတကာမှ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

အဆိုပါ M23 လက်နက်ကိုင်သူပုန်အဖွဲ့ကို ရဝမ်ဒါအစိုးရက ထိန်းချုပ်ထားပြီး ရဝမ်ဒါနိုင်ငံအတွင်းတွင် M23 တပ်သားအင်အား ၄၀၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂအစီရင်ခံစာတစ်ခုက ဆိုသည်။

ကွန်ဂိုပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေမှုကို ရဝမ်ဒါအစိုးရက ငြင်းဆိုထားသည်။

ရဝမ်ဒါနိုင်ငံသည် ကွန်ဂိုနိုင်ငံမှ ဟူတူလူမျိုးစုစစ်သားများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ရဝမ်ဒါအစိုးရက ဆိုသည်။

အန်ဂိုလာနိုင်ငံတွင် ယနေ့ ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ကိုယ်စားလှယ်များ စေလွှတ်သွားမည်ဟု ကွန်ဂိုအစိုးရနှင့် M23 သူပုန်အဖွဲ့က ကြေညာခဲ့ပြီးနောက် တနင်္လာနေ့တွင် ရဝမ်ဒါအစိုးရ၏ ဘယ်လ်ဂျီယမ်နှင့် သံတမန်ဆက်ဆံရေးရပ်စဲမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

SOURCE: AL JAZEERA