BREAKING
September 8, 2024

ကံပေါက် လှည်းကုန်းရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်

March 18, 2024

ပုံစာ - လှည်းကုန်းလမ်း ၊ ကံပေါက်။

ရေဖြူမြို့နယ် ၊ ကံပေါက်ရွာ ၊ လှည်းကုန်း (၁) ရပ်ကွက်တွင် ယနေ့(မတ်၁၈) ည ၆နာရီခွဲခန့်က ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က လမ်း တစ်နာရီနီးပါး ပိတ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံကသိရသည်။

ပစ်ခတ်မှုသည် အပြန်အလှန်ပစ်ခတ်မှုမဟုတ်ဘဲ တစ်ဖက်တည်းပစ်ခတ်သည့် လက်နက်သံဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ပစ်ခတ်သံမကြားရမီ လှည်းကုန်းရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်အကြားရှိ ပိုက်လုံးတန်းလမ်းတွင် စစ်ကောင်စီတပ်သား၂ဦး ကင်းလှည့်နေသည်ကို မြင်ရကြောင်း ၎င်းတို့က ဆိုသည်။

“သေနတ်သံက ၃ ချက်ဆက်တိုက်ကြားတယ်။ လမ်းတွေလည်း ပိတ်ချလိုက်တယ်။ မီးလည်းသေ (ပျက်) သွားတယ်။ သေနတ်သံကြားတွေ ရုန်းရင်းဆန်ခတ်ပဲ လမ်းပေါ်ကလူတွေပြေးနေကြတာ။ အိမ်တွေလည်းတံခါးအကုန်ပိတ်လိုက်ရတယ်” ဟု လှည်းကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောသည်။

သေနတ်ပစ်ခတ်သံ ထွက်ပေါ်ပြီးနောက် လှည်းကုန်း ၁ ရပ်ကွက် ရွာလယ်လမ်းမနှင့် ပတ်လမ်းဖြစ်သည့် ဘိုးဘိုးရှင်ကြီးအိမ်လမ်း(ရေခဲစက်လမ်းကြား) ကို စစ်ကောင်စီတပ်က ကြိုးတားကာ ည ၇ နာရီအထိ ပိတ်ထားခဲ့ကြောင်း လမ်းတွင် ပိတ်မိခဲ့သည့် ဒေသခံတို့ထံကသိရသည်။

ည ၇ နာရီ ထိုးပြီးနောက် စစ်ကောင်စီတပ်သား ၅ ဦးစီလိုက်ပါလာသည့် ကား၂စီး ကံပေါက်ရွာလယ် ကျောက်တိုင်ဘက်သို့ တက်သွားပြီးနောက် လမ်းပြန်ဖွင့်ပေးခဲ့သည်ဟု ၎င်းတို့ကဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အဖမ်းခံရသူများရှိကြောင်း သတင်းထွက်ပေါ်နေပြီး သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီတပ်က ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတို့က ပြောဆိုပြီး ပစ်ခတ်မှု ဖြစ်ပွားသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲ ဖြစ်သည်။