BREAKING
September 20, 2024

လူနာပို့ရင်း အဖမ်းခံရသည့် ပရဟိတဝန်ထမ်း နှစ်ဦး ထောင်တစ်လစီ ချမှတ်ခံရ

March 18, 2021

မော်လမြိုင် တပ်မတော် ဆေးရုံသို့ သို့ လူနာပို့ပြီး အပြန် ညပိုင်းတွင် ဖမ်းဆီးခံရသည့် ကျိုက်ခမီမြို့မှ ပရဟိတစေတနာ့ဝန်ထမ်း နှစ်ဦးအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်တစ်လစီ ချမှတ်ခံရသည်။

ကျိုက်ခမီမြို့ ဟိတကာရီ ဗုဒ္ဓဘာသာလူငယ်များအသင်းမှ ပရဟိတစေတနာ့ဝန်ထမ်း နှစ်ဦးသည် မတ်လ ၁၀ ရက်နေ့ညက ပိုးထိ အရေးပေါ်လူနာကို မော်လမြိုင် ကုတင် ၃၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ပြီး အပြန် ကျိုက်ခမီမြို့အဝင် ရာမာန်ဆီဆိုင်တွင် ဖမ်းဆီခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ စေတနာ့ဝန်ထမ်း ၂ ဦးကို ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ပြီး မတ်လ ၁၆ ရက်နေ့က သံဖြူဇရပ်မြို့နယ်တရားရုံမှ ထောင်ဒဏ်တစ်လ ကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“လူနာပို့ပြီးအပြန် ကျိုက်ခမီမြို့အဝင်မှာ ဖမ်းဆီးခံရတာပါ ပုဒ်မ ၁၈၈ နဲ့ စွဲချက်တင်ပြီး ထောင်တစ်လ ချမှတ်ခံရတယ်” ဟု ကျိုက်ခမီမြို့ ဟိတကာရီဗုဒ္ဓဘာသာလူငယ်များအသင်းက ပြောသည်။

လူနာပို့ဆောင်သည့် လူမှုကယ်ဆယ်ရေးကားများ၊ ပရဟိတကားများ ညပိုင်းတွင် စစ်ဆေးဖမ်းဆီးမှုရှိလာသည့်အတွက် လက်ရှိတွင် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ ပရဟိတအသင်းအဖွဲ့များ ညပိုင်း လူနာပို့ဆောင်ခြင်း ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ရပ်နားထားရသည်ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။

“ည ၈ နာရီ မရောက်နိုင်ဘူးဆိုရင် ဘယ်လူနာခရီးစဉ်မှ မပို့တော့ဘူး” ဟု ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။