BREAKING
February 20, 2025

ထားဝယ်အရှေ့တောတွင် ငါးရှာသွားသည့် ဇနီးမောင်နှံမိုင်းနင်းမိပြီး အမျိုးသမီးဖြစ်သူသေဆုံး

February 18, 2025

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာအုပ်စုတွင် သက်လတ်ပိုင်း ဇနီးမောင်နှံနှစ်ဦး ငါးသွားရှာပြီး ပြန်လာစဥ် မိုင်းနင်းမိကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းအန္တရာယ်ရှိသဖြင့် မသွားကြရန် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) က တားမြစ်ထားသည့် ဧရိယာ အတွင်းရှိ ရေချောင်းတစ်ခုအနီး၌ ဖေဖော်ဝါရီလ ၁၅ ရက်က မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အသွားတုန်းက ရေချောင်းအတိုင်းဆန်တတ်သွားကြတယ်။ အပြန်မှာ ရေကြောင်းအတိုင်းပြန်မလာဘဲ ရေချောင်းဘေး ကနေ ကုန်းပေါ်က တက်သွားရာမှာ (မိုင်း) နင်းမိကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အမျိုးသားဖြစ်သူ ရှေ့ကသွားပြီး အမျိုးသမီးဖြစ်သူ နောက်ကလိုက်လာစဉ် အမျိုးသမီးဖြစ်သူ မိုင်းနင်းမိကာ သေဆုံး ကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

အမျိုးသမီးဖြစ်သူ မိုင်းနင်းမိသဖြင့် အမျိုးသားဖြစ်သူ ပြန်လာခေါ်စဉ် အမျိုးသားဖြစ်သူလည်း မိုင်းနင်းမိကာ ခြေထောက်တွင် ဒဏ်ရာရပြီး ဆေးကုသမှု ခံယူနေရကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်က ပုလောမြို့နယ်၊ တပိုရွာ စာသင်ကျောင်းအနီးတွင် ထော်လာဂျီတစ်စီး မိုင်းနင်းမိ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြသေးသည်။

ယခုနှစ်ဆန်းပိုင်းအတွင်း၌ပင် တနင်္သာရီတိုင်းတွင် မိုင်းနင်းမိသူကိုးဦးရှိပြီဖြစ်ပြီး ၎င်းတို့အနက် နှစ်ဦးသေဆုံးကာ တစ်ဦး ခြေထောက် ဖြတ်လိုက်ရကြောင်း Dawei Watch က စုစည်းထားသည့် အချက်အလက်များအရ သိရသည်။