BREAKING
February 22, 2025

တနင်္သာရီတိုင်းတွင် နှစ်ရက်အတွင်း မိုးရွာမည်ဟု မိုး/ဇလ ထုတ်ပြန်

February 18, 2025

Photo - Dawei Watch

တနင်္သာရီတိုင်းအတွင်း ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ရက်အတွင်း မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက်ထုတ်ပြန်ချက်အရသိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း တနင်္သာရီတိုင်းအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တိုတွင် ယနေ့ ညနေပိုင်းမှစကာ မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်းမှာ ၆၀ ဖြစ်ကြောင်းအထက်ပါ ထုတ်ပြန်ချက်ကဆိုသည်။

“မနက်စောစောတော့(မိုး)အုံ့နေတယ် ပစ္စည်း(သီဟို၊ကွမ်းသီး)တွေက အခြေအနေကြည့်ပြီး အကုန်ထုတ်လှန်းထားတာပဲ ကွမ်းသီးကတော့ အခြေအနေ စောင့်ကြည်နေတယ်။ ကွမ်းသီးက မိုးထိရင် နီသွားတာ”ဟု ထားဝယ်မြို့ရှိ ကွမ်းသီး သီဟို ပွဲ ရုံလုပ်ငန်းလုပ်သူတစ်ဦးကပြောသည်။

ယင်းအပြင် အထက်ပါတိုင်းနှင့် ပြည်နယ်များအပါအဝင် ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပို င်းတို့တွင်လည်း ယနေ့ ညနေမှ ဖေဖော်ဝါရီ ၂၀ ရက်အတွင်းမိုးရွာနိုင်ကြောင်း မိုးဇလက အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ ၁၈ ရက်မှာ ၂၁ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ကြောင်း ယမန်နေ့က ထုတ်ပြန်အသိပေးထားသည်။

မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့နယ်နှင့်အနီးနားတဝိုက်တွင် ယခုရက်ပိုင်း မိုးရွာသွန်းခြင်း မျိုးမရှိသေးသော်လည်း ယနေ့နံနက်ပိုင်းအခြေအနေမှာ မိုးအုံ့နေကြောင်း ကော့သောင်းဒေသခံများကပြောသည်။