သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန် တစ်သီးတစ်ခြားရပ်တည်ရေး မူဝါဒနှင့် ကမ္ဘာ့ဇာတ်ခုံပေါ် အမေရိကန်နေရာကို တရုတ်က အစားထိုးနေရာဝင်ယူလာနိုင်မှုကြောင့် ကမ္ဘာ့ဒီမိုကရေစီမှာ အန္တရာယ်ကျရောက်နေကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာက သတိပေးလိုက်သည်။
ခေတ်ပြိုင်နိုင်ငံရေးအခြေအနေတွေအပေါ် တိုက်ရိုက်ဝေဖန်သုံးသပ်ပြောဆိုမှု နည်းပါးသည့် ဂျွန်မေဂျာက BBC Radio 4 နှင့် အင်တာဗျူးတစ်ခုတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒီမိုကရေစီက ခြိမ်းခြောက်ခံနေရပြီဆိုတာ ကျွန်တော့် စိတ်ထဲမှာ သံသယမရှိဘူး။ ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်းမှာ ဒီမိုကရေစီက မသိမသာ ယိုယွင်းကျဆင်းလာနေခဲ့တယ်။ အမြင်ကျဉ်းတဲ့ လက်ယာယိမ်းတွေဆီကနေ အကျည်းတန်တဲ့ အမျိုးသားရေးဝါဒက ကြီးထွားလာနေတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
ကမ္ဘာ့ခေါင်းဆောင်မှုနေရာကို ပိုမိုအာဏာရှင်ဆန်သည့်နိုင်ငံတစ်ခုကို လက်လွှဲပေးလိုက်ရလျှင် ဝါရှင်တန်အနေဖြင့် နောင်တရကောင်းရနေလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။ အမေရိကန်အနေဖြင့် ၎င်း၏ နိုင်ငံတကာဆိုင်ရာ တာဝန်များကို ကျောခိုင်းလိုက်လျှင် ၎င်းနေရာကို အစားထိုးဝင်ယူနိုင်သူမှာ တရုတ်ကလွဲပြီး အခြားနိုင်ငံမရှိဟု ၎င်းက ဆိုသည်။
သမ္မတထရမ့်အစိုးရလိုမျိုးကို ယခင်က မမြင်ဖူးခဲ့ကြောင်း ဂျွန်မေဂျာက ဆိုသည်။ ၎င်းက အမေရိကန်ဒုသမ္မတကိုလည်း ကြောင်သူတော်ဆန်ပြီး နိုင်ငံရေးသမားကောင်းတစ်ဦး မဟုတ်ဟု ဝေဖန်ရှုတ်ချခဲ့သည်။
ဂျေဒီဗန်းစ်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း ဥရောပကို တရားဟောနေပြီး ရုရှားကို ပွေ့ဖက်နေမှုကြောင့် ယင်းသို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။
“အခုချိန်မှာ အမေရိကန် ၊ တရုတ် ၊ ရုရှားလို နိုင်ငံကြီးတွေက အရင်တုန်းကလို အခြားနိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးတာမျိုးမဟုတ်ဘဲနဲ့ တစ်ဖက်သတ်ဆုံးဖြတ်ချက်ဆောင်ရွက်တာမျိုးကို စလုပ်လာနေကြတယ်။ ဒါဟာ စိုးရိမ်စရာပဲ။ ဘာကြောင့်လဲဆိုတော့ ဒါက စိတ်မသက်သာစရာကောင်းတဲ့ ကြီးကြီးမားမား အပြောင်းအလဲတွေကို နိမိတ်ဆိုးပြနေလို့ပဲ” ဟု ၎င်းက ပြောဆိုသည်။
ယူကရိန်းစစ်အဆုံးသတ်နိုင်ရေးအတွက် ဥရောပထက် ရုရှားနှင့် ပိုမိုနီးကပ်စွာ တိုင်ပင်ဆွေးနွေးနေဟန်ပေါ်သည့် သမ္မတထရမ့်အနေဖြင့် ရုရှားကို အများကြီး မလိုက်လျောရန်လည်း ၎င်းက သတိပေးခဲ့သည်။
“ သူတို့ အနိုင်ရသွားပြီလို့ ရုရှားဘက်က အခိုင်အမာပြောလာရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ပေါ့။ တရုတ်က ဒါကို သတိပြုမိမှာပဲ။ ကမ္ဘာကြီးကလည်း ဒါကို သတိပြုမိမှာပဲ။ အာဏာငန်းဖမ်းနေတဲ့ ခေါင်းဆောင်အငယ်စားလေးတွေတိုင်းကလည်း ဒါကို သတိပြုမိမှာပဲ။အရင်တုန်းက ကမ္ဘာကြီးက မြင်တွေ့ခဲ့သလိုမျိုး အမေရိကန်က သူ့ရဲ့ မဟာမိတ်တွေနောက်မှာ မရပ်တည်ဘူးဆိုရင် ကျွန်တော့်အမြင်မှာ ကျွန်တော်တို့ဟာ လုံးဝကွဲပြားခြားနားတဲ့ ၊ အတော်လေး အန္တရာယ်ကြီးတဲ့ ကမ္ဘာကြီးထဲကို ရောက်သွားမှာပဲ” ဟုလည်း ဂျွန်မေဂျာကဆိုသည်။
ဂျွန်မေဂျာသည် ၁၉၉၀ မှ ၁၉၉၇ ခုနှစ်အထိ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
Source : The Guardian