BREAKING
February 21, 2025

တနင်္သာရီ ညောင်ပင်ကွင်းရွာတွင် တိုက်ပွဲဖြစ်ပြီး နေအိမ် ၂၀ ကျော်ပျက်စီး

February 18, 2025

ပုံစာ - ညောင်ပင်ကွင်းရွာအတွင်း မီးလောင်ပျက်စီးသွားသည့်နေအိမ်အချို့ကို တွေ့ရစဉ်။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး နေအိမ် ၂၀ ကျော်မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

ညောင်ပင်ကွင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစကာ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

“ထုံမခါဘက်က စကစတွေက တဖြည်းဖြည်းနဲ့ညောင်ပင်ကွင်းကို ဆုတ်လာပြီး ၅၆၁ တပ်ရင်းထဲကိုဝင်သွားတယ်။ ပြီးတော့ တိုးလာတဲ့အခါတွေလည်းရှိတယ်။ တိုက်ပွဲက ဖြစ်လိုက်နားလိုက်မျိုးပေါ့။ သူတို့ဘက်က သေဆုံးထိခိုက်တာမျိုးရှိသလို ကျွန်တော်တို့ဘက်ကလည်း တစ်ဦးသေဆုံးတာမျိုးရှိတယ်” ဟု စစ်ကြောင်း-၁ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများရှိကြောင်း၊ တော်လှန်ရေးတပ်များဘက်ကလည်း ဒရုန်းဖြင့် အပြန်အလှန်ဗုံးချ တိုက်ခိုက်နေကြောင်း ညောင်ပင်ကွင်းရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင်ပင် ညောင်ပင်ကွင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လေးကြိမ်အထိပြုလုပ်ခဲ့ကြောင်း နေအိမ် ၂၅ လုံးအထိ မီးလောင်ပျက်စီးခဲ့ကြောင်း အမည်မဖော်လိုသည့် ညောင်ပင်ကွင်းရွာခံတစ်ဦးကဆိုသည်။

တနင်္သာရီမြို့နယ်တွင်းက သိန်ခွန်းကျေးရွာနှင့် ညောင်ပင်ကွင်းကျေးရွာများကို စစ်ကောင်စီက နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်အထိ ပြုလုပ်ခဲ့သည်ဟု ကျေးရွာဒေသခံများနှင့် မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင် ရဲဘော်များကဆိုသည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေပိုင်းတွင် ရဟတ်ယာဉ်ဖြင့် သိန်ခွန်းကျေးရွာကို တိုက်ခိုက်ခံရမှုကြောင့် ယင်းကျေးရွာမှ နေအိမ် ၆ လုံးဝန်းကျင်ခန့် မီးလောင်သွားသည် ဟု KTLA ထီးဆဲ့မဲ့ရွာတပ်ရင်း၏ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောသည်။

“စကစဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်တာရှိသလို PDF တွေဘက် ဒရုန်းနဲ့ရက်တိုင်း (ဗုံး)လာချတယ်။ ပြည်သူတွေကတော့ ကြောက်နေရတယ်ပေါ့။ လောလောဆယ်ကြားရသလောက်ကတော့ ဒေသခံ ထိခိုက်မှုမရှိသေးဘူး” ဟု ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ညောင်ပင်ကွင်းရွာ ဖြစ်စဉ်ကို ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့တိုက်ခိုက်နေချိန် တော်လှန်ရေးတပ်ဖွဲ့၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ညောင်ပင်ကွင်း အရှေ့ကမ်းကျေးရွာရှိ နေအိမ်တစ်လုံးမီးလောင်ခဲ့ကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆိုသည်။

အရှေ့ကမ်းနှင့် အနောက်ကမ်းတံတားကြားတွင် စစ်ကောင်စီက တပ်စွဲထားပြီး ယင်းနေရာကို ဗုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊နေအိမ်တစ်ခြမ်းမီးလောင်းသွားကြောင်း ကိုစိုင်းညီက ပြောသည်။