ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ညက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယင်းနေ့ ည ၇ နာရီခွဲဝန်းကျင်တွင် ထားဝယ်မြစ်ဘက်မှ ဒရုန်းတစ်စီး နတလ သင်တန်းကျောင်းတည်ရှိရာ ဘက်သို့ ပျံသန်းသွားသည်ကို မြင်ရပြီးနောက် ပေါက်ကွဲသံ တစ်ချက်ထွက်ပေါ်ခဲ့ကြောင်း ဒရုန်းကိုမြင်လိုက်သည့် ယင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည် ။
ယင်းနောက် သေနတ်ပစ်ခတ်သံများကြားရပြီးနောက် လက်နက်ကြီး ပစ်ခတ်သံ နှစ်ချက်ကြားရကြောင်း ၎င်းကဆိုသည်။
အဆိုပါ လက်နက်ကြီးကျည်ဆန် နှစ်ချက်သည် လောင်းလုံးမြို့နယ် ၊ မင်းရပ်ရွာ ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံ အချို့ပျက်စီးခဲ့ကြောင်း လောင်းလုံးဒေသခံများထံမှသိရသည်။
ပစ်ခတ်မှုများဖြစ်ပြီးနောက် မင်းရပ်ကူးတို့ဘက်မှ နတလသင်တန်းကျောင်းဘက်သို့ ဆိုင်ကယ်ဖြင့် လာသည့် ဒေသခံအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်သားက ရိုက်နှက်စစ်ဆေးခဲ့ကြောင်း မျက်မြင်တွေ့သူများကပြောပြသည် ။
နတလ သင်တန်းကျောင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများ ကို မည်သည့်အဖွဲ့က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်သည်ကို ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နံနက်ပိုင်းအထိ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ ။
” ရုံး(နတလ သင်တန်းကျောင်း) ထဲကို ဗုံးကျပြီး ပေါက်ကွဲသွားတာကို တစ်ရပ်ကွက်လုံးကြားလိုက်ရတယ်။ သေတာ၊ နာတာတွေကတော့ အပြင်လူတွေ ရုံးထဲဝင်မရလို့ မသိရဘူး။ ရုံးနားက မင်းရပ်ကူးတို့မှာ ရပ်ထားတဲ့ စစ်သားတွေစီးတဲ့လှေမှာတော့ အမိုးပိုင်းမှာ ပျက်စီးနေတာကို မနက်(ဖေဖော်ဝါရီ ၁၇)ပိုင်းမှာ တွေ့ရတယ်” ဟု ကြက်စားပြင် ရပ်ကွက်က အမျိုးသမီးတစ်ဦး ကပြောသည်။
နတလ သင်တန်းကျောင်းတွင် စစ်ကောင်စီတပ်သားအချို့နှင့် ပျူစောထီးများ တပ်စွဲနေထိုင်ပြီး ထားဝယ်မြို့နယ် နှင့် လောင်းလုံးမြို့နယ် ရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပါက ပစ်ကူနိုင်ရန် လက်နက်ကြီးများလည်း တပ်ဆင်ထားကြောင်း ရပ်ကွက်နေသူများကဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်ကလည်း အထက်ပါ နတလ သင်တန်းကျောင်း ကို ထားဝယ်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည် ။