Princes in The Darkness 1990s
အခန်း(၁၇)
“ဘဲကြီး…ပျောက်နေတာ သုံးရက်တောင်ရှိပြီမို့..မေယုတို့က စိတ်ပူလို့ ဒီမှာ လာလာစောင့်နေကြတာ..ဘယ်တွေ လျှောက်သွားနေတာလဲ”
“ရုတ်တရက်အလုပ်ကိစ္စတစ်ခုရှိလို့…ခရီးထွက်သွားရလို့ပါ”
“ကျွန်မလည်း ပြောပါတယ်..ကိုဗေဒါ..ဒီမှာ..ရှင့်ညီမ က မရဘူး..စိတ်ပူတယ်ချည်ပြောနေလို့”
အနောက်တွင်ပါလာသော ရီတာက ခပ်ပြုံးပြုံးဖြင့် ဝင်ပြောလိုက်၏။
ဒီအတိုင်းဆိုလျှင် ရီတာ၏ နာမည်ကို စစ်ကြောရေးတွင် သူအသုံးချခဲ့သည်ကို မသိလောက်သေးဟု ဗေဒါ ယူဆလိုက်သည်။
“ကဲ..အိမ်ပေါ်တက်ကြပါဉီး…ဒီလှေကားမှာရပ်ပြောနေလို့မကောင်းဘူး”
ဗေဒါက သူ့တိုက်ခန်းပေါ်သို့ ဉီးဆောင်ခေါ်သွားသည်။
“သုံးလေးရက်ပိတ်ထားတာဆိုတော့..အနံ့အသက်တော့ သိပ်မကောင်းဘူး”
တိုက်ခန်းတံခါး ဖွင့်လိုက်ချိန်တွင် မေယုကြေးမုံ က နှာခေါင်းကို ရှုံ့ပွရှုံ့ပွလုပ်လိုက်ပြီး..
“အင်း..ဟုတ်တယ်နော်..လူပျိုသိုးနံ့ရတယ်”
ဗေဒါက မေယုကြေးမုံကို တချက် ဘုကြည့်ကြည့်လိုက်၏။ ရီတာ ကတော့ ခွိ ခနဲ ရယ်လိုက်သည်။
“မရီတာကိုတော့ အားနာပါတယ်…ဒီကုတင်ပေါ်မှာပဲ ထိုင်ကြဉီး…ကျွန်တော် ရေလေး ခဏချိုးချင်လို့ဗျာ..ရေမချိုးရတာ သုံးရက်ရှိနေပြီ”
ဗေဒါက အမျိုးသမီးနှစ်ဉီးရှေ့တွင် ဖြစ်နေသဖြင့် အဝတ်အစားများကို မချွတ်ပဲ ရေလဲပုဆိုးပိုင်းနှင့် တဘက်ကို ယူကာ ရေချိုးခန်းထဲမှ ဝင်သွားလိုက်သည်။
ရေပန်းကိုဖွင့်ကာ ခေါင်းထိုးခံပြီး..မွန်းကြပ်ခဲ့သမျှ၊ စိတ်လှုပ်ရှားခဲ့ရသမျှကို ဖြေလျော့ချပစ်လိုက်၏။
ရေချိုးခန်းကထွက်သည့်အခါတော့…အဝတ်အစားဟောင်းများကို ပြန်မဝတ်ချင်။
ထို့ကြောင့် အမျိုးသမီးနှစ်ဉီးအား အားနာနာဖြင့် ရေလဲပုဆိုးနှင့် တဘက်ကို ခြုံကာသာ ပြန်ထွက်လာလိုက်သည်။
“ကိုဗေဒါ့ပုံစံ ကြည့်ရတာ..ခရီးကလာရတာ..ပင်ပန်းလာပုံပဲ…အခု ပြန်ရောက်ပြီဆိုတာ သိရတော့ ကျွန်မတို့ ပြန်လိုက်ဉီးမယ်”
ရီတာ နှင့် မေယုကြေးမုံတို့က ဗေဒါကို အားနာသည်ထင်။ ထပြန်ရန်ပြင်နေကြ၏။
“နေဉီးလေ….အခု ကျွန်တော့်ကို လာရှာနေကြတာမဟုတ်လား…မေယု…မင်းရဲ့ အကို ကိစ္စလည်း ငါပြောစရာရှိသေးတယ်”
“ကိုဧရာကို တွေ့ပြီလား…ဟင်”
မေယုကြေးမုံက မျက်လုံးလေးအပြူးသားနှင့်။
ဗေဒါက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် လဲစရာအဝတ်အစားများကို ရေချိုးခန်းအတွင်းသို့သာယူသွားပြီး လဲလိုက်၏။
“ကဲ..ကျွန်တော်လည်း ဘာမှမစားရသေးဘူးဆိုတော့..နေ့လည်စာသွားစားရအောင်..ကျွန်တော်ပဲ ကျွေးပါ့မယ်..မရီတာ..ဟိုမှာ စားသောက်ရင်း စကာပြောကြတာပေါ့”
တိုက်ခန်းကို သော့ခတ်ကာ သူတို့သုံးဉီး အောက်သို့ ဆင်းလာကြ၏။
ရီတာ၏ ကားပေါ်သို့ တက်ခါနီးတွင် သူတို့ကားနောက်သို့ ကားတစ်စီး ဆိုက်လာသည်။
ကားပေါ်မှ ဆင်းလာသူက လောရှည်။
ဗေဒါ က ကားပေါ်မတက်သေးပဲ..လောရှည် ရှိရာ လျှောက်သွားလိုက်၏။
“ဘာကိစ္စလဲ..ကိုလောရှည်”
“မင်းကို မစ္စတာလုက ကားပေးခိုင်းလိုက်လို့….မင်းအဖမ်းခံရပြီးတော့..ငါတို့လည်း ကားပြန်လာသိမ်းထားလိုက်တာ..ရော့”
လောရှည်က ဗေဒါထံသို့ ကားသော့ကို ကမ်းပေးလိုက်သည်။
“ဘာလဲ..ခင်ဗျားတို့က ကျုပ်ကို ထောက်လှမ်းရေးတွေလက်ထဲ ထောင်တသက်တကျွန်းလောက် ကျပြီမှတ်လို့လား..အဟက်”
ဗေဒါက လောရှည်ကို ကလိလိုက်သည်။
လောရှည်က ဗေဒါ့စကားထက်….ရှေ့ကားတွင် ရှိနေသော အမျိုးသမီးနှစ်ဉီးကိုသာ အကဲခတ်နေ၏။
အထူးသဖြင့် ရီတာကို ကြည့်နေခြင်း။
“ကိုလောရှည်..ဟိုက ကျွန်တော့်မိတ်ဆွေအမျိုးသမီးနှစ်ယောက်နဲ့ နေ့လည်စာသွားစားမလို့…ခင်ဗျားပါလိုက်ခဲ့ပါလား”
ဗေဒါအနေဖြင့် သူနှင့် ရီတာတို့ဆက်ဆံရေးသည် ရိုးသားကြောင်း၊ ဘာစီးပွားရေးမှ မပါကြောင်း လောရှည်ကို ပြထားမည်ဟုတွေးကာ ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။
လောရှည်သိသွားပါက မစ္စတာလု နားသို့ ပေါက်မည်သာ။
“လာပါ..လိုက်ခဲ့ပါဗျ”
လောရှည်က ပြန်မဖြေသေး။
“ဒါနဲ့..ရီတာ ဘေးက ကောင်မလေးက ဘယ်သူလဲ..ဗေဒါ”
“ဪ..အဲ့ဒါ မေယုကြေးမုံတဲ့….ကျွန်တော့်မိတ်ဆွေကောင်မလေးပါ”
“မေယုကြေးမုံ…ဟုတ်လား..မေယု..ကြေးမုံ”
လောရှည်က ထိုနာမည်ကို ထပ်ခါတလဲလဲရွတ်နေသည်။
“ဒီနာမည်မျိုးက ရှားတယ်..သူ့အဖေ နာမည်က ဘယ်သူတုန်း”
“သူ့အဖေက ဉီးကြေးမုံတဲ့”
“ဪ..ဒါကြောင့်..ငါ ဒီမျက်နှာပေါက်ကို တချိန်က ရင်းရင်းနှီးနှီးတွေ့ဖူးခဲ့ပါတယ်လို့”
“ခင်ဗျားက သူ့ကို သိလို့လား”
“သူ့ကို မသိပါဘူး..သူ့အဖေနဲ့ ငါနဲ့..ဟိုးငယ်ငယ်က ဆုံခဲ့ဖူးတယ်…ထားပါ…မင်းတို့ဟာ မင်းတို့ လွတ်လွတ်လပ်လပ်သွားကြပါ…ဟိုမှာ ငါ့ကို လာကြိုတဲ့ကားလည်းစောင့်နေပြီ…သွားကြ”
လောရှည်က လမ်းတစ်ဖက်ခြမ်းတွင်ရပ်နေသော ကားဆီသို့ ထွက်သွားသည်။
ဗေဒါက မေယုကြေးမုံတို့ထံသို့ ပြန်လျှောက်လာလိုက်၏။
“ကျွန်တော့်ကားကို အခုပဲ လာပေးသွားလို့..ကျွန်တော့်ကားနဲ့ပဲ လိုက်ခဲ့မယ်…ကိုကာဆူကီ စားကြမလား..ဆရာစံလမ်းက မစ္စတာဂစ်တာသွားကြမလား..တခုခုရွေးလိုက်”
“မစ္စတာဂစ်တာပဲ သွားကြမယ်လေ”
ရီတာက ပဲ ဆုံးဖြတ်ပေးလိုက်သည်။
……………………………….
“ဧရာနဲ့ ငါ ဟိုနေ့က တွေ့ပြီးပြီ…မေယု”
မေယုကြေးမုံ၏ မျက်လုံးလေးများ အရောက်လက်လာသည်။
“မေယု သူနဲ့ ဘယ်တော့ တွေ့ရမလဲ..ဘဲကြီး”
“သူနေတဲ့ နေရာကို ငါသိတယ်….မင်းအကြောင်း သူ့ကို အရင်ပြောပြပြီးမှ ပေးတွေ့မလားစဉ်းစားနေတာ”
“မေယုအတွက် အချိန်မရဘူး..ဘဲကြီး…သူနဲ့တွေ့ပြီး..သူ့ကို လူကောင်းသူကောင်းတစ်ယောက်ဖြစ်အောင် မေယု အားလုံးကူညီပေးချင်တယ်”
“ဟုတ်ပြီလေ…ဒါဆိုလည်း…မနက်ဖြန် သူ့ဆီ သွားကြတာပေ့ါ”
မှာထားသော နေ့လည်စားများ ရောက်လာသဖြင့် သူတို့ စားသောက်လိုက်ကြသည်။
ဗေဒါက စားသောက်သမျှကို ရှင်းပေးပြီးနောက်…ထထွက်လာကြ၏။
မေယုကြေးမုံက ကားပေါ်သို့ တက်သွားသည်။
ဗေဒါ ကလည်း ကိုယ့်ကားပေါ် ကိုယ်တက်ရန် ပြင်လိုက်စဉ်။
“ကိုဗေဒါ”
ရီတာ၏ ခေါ်သံကြောင့် လှည့်ကြည့်လိုက်၏။
“ရှင်..ကျွန်မကိုရော..တစ်ခုခု ဝန်ခံစရာမရှိဘူးလား”
ရီတာက ခပ်ပြုံးပြုံး။
အဓိပ္ပါယ်ပါသောအပြုံး ။ ရီတာ သည် ပေါ့သေးသေးမိန်းမ မဟုတ်မှန်း အစောကြီးကတည်းက ဗေဒါ သဘောပေါက်ခဲ့သင့်သည်ပဲ။
“ကျွန်တော်တောင်းပန်ပါတယ်..မရီတာ..ကျွန်တော့်မှာလည်း..ရွေးစရာထွက်ပေါက်မရှိတော့လို့ပါ”
“ကိစ္စမရှိပါဘူး…ကိုဗေဒါတို့ နဲ့ ကျွန်မတို့..နောက်ကို အလုပ်တွဲလုပ်စရာတွေ ရှိကောင်းရှိလာမှာပါပဲ..အဲ့ဒီကျမှ..ဒီအကြွေးကို ပြန်ဆပ်ပေါ့”
ရီတာက အပြုံးမပျက်ပဲ..ကားပေါ်သို့ တက်သွား၏။
“ကိုဗေဒါတို့နဲ့ ကျွန်မတို့” ဟူသော စကားအတိမ်အနက်ကို ဗေဒါ က ရေရွတ်ကြည့်ရင်း ကျန်ခဲ့တော့သည်။
……………………………….
တိုက်ခန်းတံခါးကို ဗေဒါ က ခေါက်လိုက်၏။
“ဒေါက်..ဒေါက်..ဒေါက်”
အထဲမှ မည်သည့်အသံမှ ထွက်မလာ။
နောက်တကြိမ်ခပ်ကြမ်းကြမ်း ထပ်ခေါက်လိုက်သည်။
“လီးထဲမှပဲ..ဘယ်ကောင်လဲကွာ”
အထဲမှ ဆဲဆိုသံနှင့်အတူ…တံခါး ဟ လာ၏။
“ဪ…ကိုဗဒေါ”
“တံခါးဖွင့်..ဧရာ…ဒီမှာ ဧည့်သည်တွေပါတယ်”
“ခဏလေးနော်..အကို”
တံခါးကို ဒုံးခနဲ ပြန်ပိတ်သွား၏။
အထဲမှလှုပ်ရှားသံအချို့ကြားရသည်။ ခဏအကြာ တံခါးပြန်ပွင့်လာ၏။
“လာ…အကို”
ဗေဒါ နောက်တွင် ပါလာသော မေယုကြေးမုံက သူ့အကို ဟု ဆိုသော ဧရာကို သေချာလိုက်ကြည့်နေသည်။
ဧရာက..အခန်းထဲတွင် ရှိသော တစ်လုံးတည်းသော ထိုင်ခုံကို ညွှန်ပြလိုက်၏။
“ထိုင်ခုံကတော့..တစ်လုံးထဲရှိတယ်..အကို..အင်း..ထိုင်ကြပါ”
“ရတယ်..ငါတို့ အောက်မှာပဲ ထိုင်မယ်..ဧရာကြီး”
ဧရာက မေယုကြေးမုံကို အကဲခတ်နေသည်။
မျက်လုံးနှစ်ဖက်လုံးနီနေပြီး နှာရည်တရှုံ့ရှုံ့ ၊ အသားအရည်က ဖြူလျော်လျော်နှင့် ပိန်ကျသွားသော ဧရာ ပုံစံ ကိုကြည့်ကာ ဗေဒါ က တစုံတစ်ခု သဘောပေါက်လိုက်၏။
“ဧရာ…သူ့နာမည်က မေယု..ကြေးမုံ တဲ့”
“ဘယ်သူ”
“မေယုကြေးမုံ”
ဧရာ မျက်နှာက သိသိသာသာပြောင်းလဲသွားသည်။
“မင်းအဖေ နာမည်..ဘယ်သူလဲ..ဧရာ”
“ဉီးကြေးမုံ”
“အေး…သူက မင်းရဲ့ ညီမ..မေယုကြေးမုံပဲ”
“အာ..ကိုဗေဒါ..ပေါက်တတ်ကရဗျာ..ကျွန်တော်က တယောက်တည်းမွေးထားတာပါ”
“ဟုတ်ပါတယ်..ကိုကြီးဧရာ…ကိုကြီးဧရာနဲ့ ညီမက အဖေတူ အမေကွဲ မောင်နှမတွေပါ…အခုလို တွေ့ရတာ”
မေယုကြေးမုံက စကားကို ရှေ့မဆက်နိုင်တော့။
ဧရာက မေယုကြေးမုံကို ကြောင်ပြီး ကြည့်နေသည်။
“ဟုတ်လို့လားဗျာ….ဘာတွေလဲ”
“မင်းအမေနာမည်က ဒေါ်မြိုင်မဟုတ်လား”
“ဟုတ်တယ်”
“သူ့အမေနာမည်က ဒေါ်ယုယုမော် တဲ့…..မေယုကြေးမုံက ဉီးကြေးမုံနဲ့ ဒေါ်ယုယုမော်ကနေ မွေးတာ..ဧရာ..ဒါ မင်းညီမလေးပဲ”
“စောက်အဓိပ္ပါယ်မရှိတာဗျာ….အခုမှ သူက ဘယ်ကပေါ်လာတာလဲ..ကျုပ်က ဘာလုပ်ရမှာလဲ”
မေယုကြေးမုံက အိခနဲ ငိုချလိုက်သည်။
ဗေဒါ ဒေါသထွက်သွား၏။
ဧရာ၏ အင်္ကျီရင်ဘတ်ကို ဆွဲစောင့်လိုက်သည်။
“ဟေ့ကောင်..ဒီမှာ..သူ့ခမြာ..မင်းကို တွေ့ချင်လွန်းလို့…မိန်းကလေးတန်မဲ့…အဝေးကြီးကနေ ဒီအထိ လာပြီ ရှာရတာ…မင်း မိသားစုရဲ့ တန်ဖိုးကို ဘယ်လောက်နားလည်လဲ..ဟေ့ကောင်”
“ဘာမိသားစုလဲ…ကျုပ်မိသားစုက ကြံတောသင်္ချိုင်းထဲမှာ ကျန်ခဲ့ပြီ..အမေလည်း သေသွားတာကြာပြီ… အခုမှ ဘာမိသားစုလဲ..ကျုပ်ဟာကျုပ် အေးအေးဆေးဆေးနေပါရစေဗျာ..လာရှုပ်နေကြတယ်”
“မင်း..ငါ..”
ဗေဒါက ဧရာအား ထိုးရန်ပြင်လိုက်စဉ် အနောက်မှ မေယုကြေးမုံက ဗေဒါလက်မောင်းကို ဝင်ဆွဲလိုက်သည်။
“ဘဲကြီး..မလုပ်ပါနဲ့…ကိုကြီးဧရာကို မလုပ်ပါနဲ့….မေယုကို သူမလိုလားလည်း..မေယုပြန်ပါ့မယ်…သူ့ကို ဘာမှ မလုပ်ပါနဲ့”
ဗေဒါက စိတ်ကိုလျော့ချလိုက်သည်။
“ကိုကြီးရယ်…ညီမလေးလည်း မိသားစုမရှိခဲ့ပါဘူး..အမေတစ်ယောက်တည်းရှိခဲ့တာပါ…ဒါပေမယ့်..ညီမလေးမှာ အဖေတူ အမေကွဲ အကိုတစ်ယောက်ရှိတယ်လို့ သိလိုက်ရတော့…ကိုကြီးကို ညီမလေး အရမ်းတွေ့ချင်ခဲ့တာပါ..အမေပြီးလို့ရှိရင် ကမ္ဘာပေါ်မှာ တစ်ဉီးတည်းရှိမယ့် ကို့ရဲ့ သွေးသားအရင်း..အကိုတစ်ယောက်ကို ညီမ တွေ့ချင်လွန်းလို့…ဒီအထိရောက်လာခဲ့တာပါ”
ဗေဒါက ဝရံတာဘက် ထွက်ကာ လာလိုက်သည်။
မေယုကြေးမုံက တတွတ်တွတ်ပြောကာ ငိုနေဆဲ။ ဧရာကလည်း ဘာတွေမှန်းမသိ ဒေါသတကြီးဖြင့် ပြန်ပြောနေ၏။
ဗေဒါ သည်းမခံနိုင်တော့။
“မေယုကြေးမုံ…တို့ ပြန်ကြစို့…ဒီကောင့်မှာ မိသားစုဆိုတာ မလိုအပ်တော့ဘူး”
ဗေဒါက မေယုကြေးမုံ၏ လက်မောင်းလေးကို ဆွဲကာ ခေါ်လိုက်သည်။
မေယုကြေးမုံက အငိုမပျက်သေး။
“လာ..ညီမလေး…ငါတို့ ပြန်ကြစို့”
ဗေဒါက ညီမလေးဟု သုံးနှုန်းလိုက်သဖြင့် မေယုကြေးမုံမှာ ငိုနေရာမှာ အင့် ခနဲ ရပ်သွားသည်။
မေယုကြေးမုံပုခုံးကို ဖက်ကာ လှေကားအတိုင်း ဗေဒါက ဆင်းလာပြီးနောက် ကားတံခါးကို စောင့်ပိတ်လိုက်သည်။
မေယုကြေးမုံကတော့ ကားပြတင်းပေါက်မှ ခေါင်းကလေးထွက်ကာ သူ့အကို ရှိရာသို့ မျှော်ကြည့်လိုက်၏။
“သူ..ရုတ်တရက်မို့ ရှော့ ရသွားတာနေပါလိမ့်မယ်..နော်..မေယု နောက်တကြိမ် ပြန်လာကြည့်ချင်သေးတယ်”
ဗေဒါက ခေါင်းကို ခါလိုက်သည်။
“မဟုတ်ဘူး..မေယု…နောက်တကြိမ်လည်း ပြန်လာမကြည်နဲ့…စိတ်လျော့လိုက်တော့”
“ဘာဖြစ်လို့လဲ”
“မေယု့အတွက် အန္တရာယ်ရှိတယ်..ဒီကောင်..ဆေးစွဲနေပြီ”
“ရှင်”
“ဒီမှာ”
ဧရာ၏ ဝရံတာမှ ဗေဒါ ကောက်ယူလာခဲ့သော ဆေးထိုးပိုက်တစ်ခုကို ကားဒတ်ချ်ဘုတ်ပေါ် ပစ်တင်ပေးလိုက်သည်။
“ဒါ..ဒီကောင့် ဝရံတာမှာ ရခဲ့တာ….ခုန တို့တွေလာတော့..တံခါးကို ပြန်ပိတ်သွားတာ.သူ ဆေး ဂျွိုင်း လက်စတွေကို သိမ်းဆည်းနေတာဖြစ်မယ်..မေယု”
“ဟာ..အဲ့ဒါဆို…မေယု သူ့ဆီ ပိုသွားရမှာပေါ့..ဘဲကြီးရဲ့..မေယု အကိုလေ..မေယု အကို..ဒီလို ဘဝပျက်နေတာ..ဆေးသမားဖြစ်နေတာ…လမ်းမှားနေတာ.မေယု ကယ်တင်မှရမယ်..သူ့ကို မေယု ဒီထဲက ဆွဲထုတ်မှရမယ်လေ”
“ဒီမှာ..မေယုကြေးမုံ..လူတွေကို လိုက်ကယ်တင်ချင်နေရအောင်..လမ်းမှန်ပြချင်ရေလောက်အောင်..မင်းက ဘာမို့လို့လဲ…အဖြူ ငြိနေတဲ့လူတွေအကြောင်း မင်းဘယ်လောက်သိလဲ… အဖြူပျက်တဲ့အချိန်ကျ သူတို့မှာ ဘာစည်း ဘာဘောင်မှ မရှိတော့ဘူး…မိသားစုဆိုတာဝေးရော”
“အင်းလေ..ဘဲကြီးတို့ကတော့..ဒီလိုမူးယစ်ဆေးတွေကို ဖြန့်နေရောင်းနေတဲ့လူတွေဆိုတော့….လူတွေကို လမ်းမှန် ဘယ်ရောက်စေချင်မှာလဲ”
“မင်း…”
ဗေဒါက မေယုကြေးမုံကို လက်ဖြင့် ရွယ်လိုက်သည်။
မေယုကြေးမုံ ပုံစံက အစောပိုင်းက ငိုနေပုံနှင့်မတူတော့။
အံကို ကြိတ်ကာ ထီမထင်သည့် မျက်လုံးဖြင့် ဗေဒါကို စိုက်ကြည့်နေသည်။
ဗေဒါက ရွယ်ထားသော လက်ကို ပြန်ချလိုက်၏။
“ဆောရီး…ဆောရီး..ဆောရီး”
မေယုကြေးမုံက ကားတံခါးကို ဝုန်းခနဲ ဖွင့်ကာ တိုက်ခန်းပေါ်သို့ ပြန်ပြေးတက်သွားသည်။
“စောက်ပြဿနာကွာ”
ဗေဒါလည်း ကားပေါ်တွင်ပင် ဆက်ထိုင်နေလိုက်၏။
ခဏအကြာ မေယုကြေးမုံ ပြန်ဆင်းလာပြီး..ကားပေါ်တက်ထိုင်လိုက်သည်။
“ဘယ်လိုလဲ”
“တံခါးမဖွင့်ပေးဘူး”
“သူ..ဘိန်းထိုးလက်စဖြစ်မယ်”
“ရတယ်..နောက်တခေါက်မှ ပြန်လာဉီးမယ်”
ဗေဒါ ဘာမှ ဆက်ပြောမနေနဲ့။ ဒီဟာမလေး က ပြောလည်း ရမည့်ပုံမပေါ်။
……………………………….
မစ္စတာလု က ဗေဒါ့ထံ စီးကရက်ဘူးကို ကမ်းပေးလိုက်၏။
ဗေဒါက စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်သည်။ မစ္စတာလုက မီးခြစ်ကို အဆင့်သင့် ခြစ်ပေး၏။
“ဒီကောင်တွေလက်က မင်းနည်းမင်းဟန်နဲ့ ထွက်လာနိုင်တဲ့အတွက်..မင်းကို ဂုဏ်ပြုပေးတာ..ဗေဒါ”
ဆွစ်ဇာလန်ထုတ် အကောင်းစားရိုးလက်စ်နာရီဗူး ကို ဗေဒါရှေ့သို့ တိုးပေးလိုက်သည်။
“နောက်တစ်ခုက မင်းနဲ့ ရီတာ တို့ကြားက အခု ရင်းနှီးမှုကို ဆက်ထိန်းထားပါ…မကြာခင် ငါတို့ လုပ်မယ့် အရေးကြီးကိစ္စတစ်ခုမှာ သူနဲ့ ချိတ်ဆက်လုပ်ရမှာတွေရှိလာနိုင်တယ်”
ဟော..ဖြစ်ပြန်ပြီ။ အရင်ကတော့ ရီတာ နဲ့ သူရင်းနှီးနေတာကို မသင်္ကာဖြစ်ခဲ့သည့် မစ္စတာလု။ အခုကျ…တစ်မျိုး။
“ဗေဒါ…မကြာခင်မှာ..မင်းနဲ့ ဂျာနူး ကို စင်ကာပူကို လွှတ်ဖို့…ငါဆုံးဖြတ်ထားတယ်”
မစ္စတာလု စကားကြောင့် ဗေဒါ မှာ ခေတ္တ မှင်သက်သွားရ၏။ နိုင်ငံခြားသို့ အပြီးထွက်သွားရမည်ဟု သူ့ကို ဂျာနူးက ပြောခဲ့သည်။ ယခုတော့ မစ္စတာလု အစီအစဉ်က တမျိုးပြောင်းသွားပြီလား။
“မင်းတို့နှစ်ယောက်တည်း သွားရမှာ”
ဗေဒါ ပိုရင်ခုန်သွားရသည်။ မစ္စတာလု ဘာအကွက်တွေ ရွှေ့နေပြန်ပြီလဲ။
ဒါမှ မဟုတ်…သူနှင့် ဂျာနူးတို့ ကားပေါ်တွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စကို မစ္စတာလု သိသွားပြီလား။
“စင်္ကာပူကို မင်းတို့နှစ်ယောက်တည်း သွားရဖို့ဆိုတာ..အခု မင်းကို ငါခိုင်းမယ့် အလုပ်အပေါ်လည်း မူတည်နေတယ်”
“ဟုတ်ကဲ့”
“မင်း စက်မှုဝန်ကြီးကို သိတယ်မဟုတ်လား”
“ဟုတ်ကဲ့..သိပါတယ်”
“အခုက နအဖ ထဲမှာ အဖွဲ့နှစ်ဖွဲ့ကွဲနေတယ်…အက်စ်ဝမ်းဉီးဆောင်တဲ့အဖွဲ့ နဲ့ သူဉီးဆောင်တဲ့အဖွဲ့ပဲ…မင်းသိတဲ့အတိုင်း..အက်စ်ဝမ်းကြီးနဲ့ ငါတို့ ဆက်ဆံရေးက အဆင်မပြေဘူး…. ငါတို့ တချက်မှားတာနဲ့ သူတို့က ဆွဲစားမှာပဲ…သူ့ရဲ့ထောက်လှမ်းရေးက အခု ငါတို့ကို ဘယ်လိုသဘောထားလဲဆိုတာ အိုလံပစ်ဟိုတယ်မှာ မင်းတို့ကို ဝင်ဖမ်းလိုက်တာပဲကြည့်လေ…တဖြည်းဖြည်းနဲ့ သူတို့ဟာ ငါတို့ မိတ်ဆွေဘဝကနေ ရန်သူအဖြစ်ကို ပြောင်းလဲလာနေတာ..မင်းသတိထားမိလား”
“ဟုတ်ကဲ့..သတိထားမိပါတယ်..မစ္စတာလု”
“အခု ငါ မိတ်ဆွေတွေဆီက ငါသိထားတဲ့ အတွင်းသတင်းတစ်ခုရှိနေတယ်….ရီတာရဲ့ ဘဲကြီးဟာ…အက်စ်ဝမ်းရဲ့ ထောက်လှမ်းရေးအဖွဲ့မှာ ဒုတိယအကြီးဆုံးဆိုပေမယ့်…သူက စီးပွားရေးသမားသက်သက်ပဲ..သူက အုပ်စုကွဲနေတဲ့ နှစ်ဖက်လုံးနဲ့ ဆက်ဆံရေးပြေလည်ချင်နေတယ်…စက်မှုဝန်ကြီးအုပ်စုက သူ့ကို အက်စ်ဝမ်းလူလို့ မထင်စေချင်ဘူး..ဒီတော့..ငါတို့ ဒီဖဲကို ကိုင်ဆော့နိုင်ရင်..ငါတို့ ရန်သူကို အမြစ်က လှန်ပစ်လို့ရတယ်..ဗေဒါ”
မစ္စတာလုပြောသည်များကိုဗေဒါခပ်ရေးရေးသဘောပေါက်လာသည်။ သို့သော်..ထိုကိစ္စတွင် သူက မည်သည့်နေရာက ပါဝင်ရမည်ကို မသိသေး။
“စက်မှုဝန်ကြီးနဲ့ မင်းအဖေ နဲ့က တောင်သာမှာကတည်းက ရင်းနှီးကြတဲ့ ငယ်သူငယ်ချင်းတွေဆိုတာ…မင်း သိရဲ့လား ဗေဒါ”
“ဗျာ”
ဒီတစ်ခါတော့ ဗေဒါ အံဩရပြီ။ ဒီကိစ္စ သူတောင် သေချာမသိသည့်ကိစ္စ။
“ဟုတ်တယ်..ငါတို့မှာ တိကျတဲ့ အချက်အလက်တွေရှိပြီးပြီ….. မင်းမိဘတွေကို စက်မှုဝန်ကြီးက ကောင်းကောင်းသိတယ်..ဗေဒါ”
“ဟုတ်ကဲ့”
“မင်း..အဲ့ဒီ ဒေတာကနေ တဆင့်..စက်မှုဝန်ကြီးဆီ ဝင်ရလိမ့်မယ်…သူနဲ့ ရင်းနှီးအောင် လုပ်ယူရမယ်….မင်း ဝင်ရထွက်ရလွယ်အောင်က အစ ငါ အကုန်ဖန်တီးပေးမယ်”
“ကျွန်တော်က သူနဲ့ ရင်းနှီးပြီးရင်..ဘာဆက်လုပ်ရမှာလဲ”
“ဘာမှဆက်မလုပ်နဲ့…မင်းနဲ့ သူ ရင်းနှီးပြီး..သူဘာကြိုက်တတ်လဲ မင်းသိအောင်သာလုပ်.ကျန်တာ နောက်မှ ငါဆက်ပြောမယ်”
အကောင်ကြီးကြီး၊ အမြီးရှည်ရှည်ကြီးတစ်ဉီးနှင့် တိုက်ရိုက်ကြီး ဝင်ရောက်ပေါင်းသင်းရမည့်ကိစ္စ။
ဗေဒါ့အတွက်တော့ ခေါင်းခဲစရာ။
“မင်းစိတ်ရှုပ်သွားလား..ဗေဒါ..လာမည့် သောကြာနေ့..ကမ္ဘာအေးဘုရားလမ်းက သူတို့အိမ်သစ်ကြီးမှာ အလှူတစ်ခုရှိတယ်….အဲ့ဒီအလှူကိုမင်းသွားရမယ်….မင်းအဖေနဲ့အမေနာမည်ပြောပြီး မိတ်ဆက်..ပြီးရင်…သူ့အတွက် လက်ဆောင်ပေးရမယ့်..ကားအသစ်တစ်စီး နဲ့ ကျောက်စိမ်းအချောထည်တွေ ငါ စီစဉ်ပေးထားမယ်”
မစ္စတာလု၏ အလျော်အစားကို ဗေဒါပင် ဖြုန်သွား၏ ။ ထိုမျှရင်းနှီးမြုပ်နှံနေလျင် တော်ရုံကိစ္စတော့မဟုတ်။
“သူတို့အကောင်ကြီးကြီးတွေအလှူကိုကျွန်တော်က လွယ်လွယ်ဝင်လို့ရပါ့မလား”
“မပူပါနဲ့….ဒီမှာ ဖိတ်စာငါတို့ရထားပြီးသားပါ….ငါတို့ ကုမ္ပဏီအုပ်စုနာမည်နဲ့ဆိုပေမယ့်…မင်းက ငါတို့ ကိုယ်စားလာတာမျိုးသွားရမယ်..ပြီးရင်…မင်းနဲ့သူ့အကြား ပုဂ္ဂလိကဆက်ဆံရေးတည်ဆောက်ပါ…သူက ဒေသစွဲကြီးတယ်…ခုနပြောသလို.မင်းမိဘတွေနဲ့က တစ်ဒေသတည်းဆိုတော့..သိပ်မခက်ပါဘူး..အဆင်ပြေတယ်မဟုတ်လား”
ဗေဒါက မစ္စတာလုကို ပုခုံးတွန့်ပြလိုက်သည်။
“ဒီတစ်ပွဲပြီးရင်….ငါတို့မိသားစု ဟာ..ဒီနိုင်ငံမှာ..အကြီးကျယ်ဆုံးပြိုင်ဘက်မဲ့ စီးပွားရေးသမားတွေဖြစ်လာတော့မှာ…ဗေဒါ..ဒီစစ်ဆင်ရေးမှာ. မင်းရဲ့ ပါဝင်ပတ်သက်မှုတွေ၊ သစ္စာရှိမှုတွေကိုလည်း ငါတို့က အမြဲအသိအမှတ်ပြုကျေးဇူးတင်နေမှာပါ..ငါတို့က ကျေးဇူးမမေ့တတ်တဲ့သူတွေ ဆိုတာ..မင်းမှတ်ထားပါ”
မစ္စတာလု က ထိုင်ရာမှာ ထကာ ဗေဒါ၏ ပုခုံးကို ပုတ်ပြီး အပြင်သို့ ထွက်သွား၏။
ဗေဒါ လည်း စားပွဲပေါ်မှ သူ့အားလက်ဆောင်ပေးသည့် နာရီဗူးကို ကောက်ယူကာ ပြန်ထွက်လာလိုက်သည်။
ဂျာနူးများ တွေ့ရလေမလား…မျက်စိကစားမိ၏။
အရိပ်အယောင်ပင် မတွေ့။
မစ္စတာလုကတော့ သူမွေးထားသည့် သိန်းငှက်ကြီးများကို ကြွက်အဖြူအရှင်လေးများ..ကျွေးရန် ပြင်နေသည်ကို တွေ့ရသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း..ဗေဒါက သူ့အား မစ္စတာလု မက်လုံးပေးထားသည့် ဂျာနူးနှင့် စင်္ကာပူခရီးစဉ် အကြောင်းကို တွေးမိသွားသည်။
ဗေဒါသည် မစ္စတာလု၏ သိန်းငှက်တစ်ကောင်ဆိုလျှင်…ဂျာနူးကရော.။
သို့မဟုတ်။
ဂျာနူးသည် မစ္စတာလု၏ သိန်းငှက်တစ်ကောင်ဆိုလျှင်..ဗေဒါကရော.။
ဗေဒါ က သူ့အတွေးကို ဒီနေရာတွင်ပင် ရပ်လိုက်တော့၏။
အချို့ကိစ္စများက ရပ်သင့်သည့်နေရာတွင် မရပ်လျှင်…နာကြင်ရတော့မည်မဟုတ်လား။
ခက်ဇော်
အခန်း ၁၈ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>