ဘုတ်ပြင်းမြို့နယ်တွင် ခရီးသည်တင်ကား ပစ်ခတ်ခံရသဖြင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း ခရီးသည်တင်ကားသမားအချို့နှင့် ဒေသခံများထံမှ သိရသည်။
မြိတ်မြို့ဘက်မှလာသည့် ရွှေညီကိုယာဉ်လိုင်းမှ ခရီးသည်တင်ကားတစ်စီးမှာ မနိုးရုံးကျေးရွာအုပ်စု ခဲချောင်းရွာ ပြည်ထောင်စုလမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၇ ရက်ညနေ ၅ နာရီခန့်က ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
အဆိုပါခရီးသည်ကားအား လက်နက်ကိုင်လူတစ်စုက စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်မပေးဘဲ မောင်းသွားသည်ဟုဆိုကာ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ခရီးသည်တင်ယာဉ်မောင်းက ပြောသည်။
“ကားတားတာ ရပ်မပေးလို့ လှမ်းပစ်လိုက်တာ။ ဘယ်ဖက်အနောက်ဆုံးတန်းက မိန်းကလေးတစ်ယောက်နဲ့ ကလေးငယ်တစ်ဦး သေဆုံးသွားတယ်” ဟု ခရီးသည်များထံမှ သိရသည်ကို မြိတ်-ကော့သောင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြန်ပြောင်း ပြောပြသည်။
၎င်းမှာ ပစ်ခတ်မှုမဖြစ်မီ ယင်းနေရာက ဖြတ်လာခဲ့ကြောင်း ဆိုသည်။
“ခဲချောင်းမှာ ကျွန်တော်တို့လည်း အစစ်ခံရတယ်။ PDF တော့ မဟုတ်ဘူး။ စကားပြောတာ ကရင်သံဝဲဝဲနဲ့ ပြောတယ်။ အေးအေးဆေးဆေးပဲ မေးကြတယ်” ဟု ၎င်းက ပြောဆိုသည်။

ပစ်ခံရသည့် အမျိုးသမီးသည် ကျွန်းစုမြို့နယ်၊ မိုင်းသွေးရွာသူ အလှပြင်ဆရာမဖြစ်ပြီး ကရသူရိမြို့ မင်္ဂလာပွဲသို့ လာသည်ဟု ကြားရကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူတို့၏ မိသားစုအား ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
မနိုးရုံးကျေးရွာကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကားဟုယူဆသဖြင့် မှားယွင်းပစ်ခတ်မိခဲ့ပြီး ဆေးရုံသို့ပို့ ဆောင်ချိန် သေဆုံးရခြင်းအတွက် အလွန်အမင်းစိတ်မကောင်းဖြစ်ရပါကြောင်း DVB သတင်းဌာနသို့ ပြောဆိုထားသည်။
အထက်ပါဖြစ်စဉ်မှာ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် လုံးဝ မသက်ဆိုင်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။