BREAKING
January 18, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

January 18, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိ

လက်လွှတ်ဆုံးရှုံးရတဲ့နေရာတွေကို စစ်ကောင်စီ မြေလှန်ဖျက်ဆီးဗျူဟာသုံး

Photo – AFP

စစ်ကောင်စီတပ်ဟာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေကို မြေလှန်ဖျက်ဆီးတဲ့ဗျူဟာ အသုံးပြုနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ ၂၀၂၅ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၂၄မှာ လက်နက်ကိုင်ပဋိပက္ခအရှိန်မြင့်တက်လာပြီး တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးမှာ တိုက်ပွဲတွေဖြစ်ပွားလာတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ တိုးမြင့်လာတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ၊ ဒုက္ခသည် စခန်းတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေအတွင်း ဆင်ကဲပေါက်ကွဲတဲ့ ဖျက်အားပြင်းဗုံးတွေပါသုံးနေတယ်လို့ HRW က ပြောပါတယ်။ ၂၀၂၄ ပထမ ကိုးလမှာ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ကလေးငယ် ၁၄၀ ကျော်အပါအဝင် လူ ကိုးရာနီးပါး သေဆုံးခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။ ၂၀၂၄ မေလကနေ ဩဂုတ်လအထိဆိုရင် စစ်ကိုင်တိုင်းမှာ စစ်ကောင်စီ မီးရှို့ဖျက်ဆီးတဲ့ နေအိမ်တစ်သိန်းကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဓမ္မစစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်မှာ လူငယ်တွေ ဖမ်းဆီးခံရတာ၊ ရှေ့တန်းမှာ လူသားဒိုင်းအဖြစ် အသုံးချခံရတာ၊ နိုင်ငံထဲကနေ ထွက်ပြေးတာတွေ မြင့်တက်လာခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

……………………………………..

သတင်းသမားတွေကို ထောင်ချမှု အဆိုးဆုံးနိုင်ငံစာရင်းမှာ မြန်မာပါ

Photo – AP

သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အဆိုးဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက တတိယနေရာမှာ ရပ်တည်နေပါတယ်။

သတင်းသမားများကာကွယ်ရေးအဖွဲ့ CPJ ရဲ့ ၂၀၂၄ အစီရင်ခံစာမှာ အခုလိုဖော်ပြတာပါ။ ၂၀၂၄ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာ သတင်းသမား ၃၆၁ဦးထက်မနည်း ထောင်ချခံခဲ့ရပြီး အဲဒီထဲမှာ တရုတ်နိုင်ငံက ၅၀ဦးနဲ့ထိပ်ဆုံးမှာရှိနေပါတယ်။ ဒုတိယနေရာ က အစ္စရေးမှာတော့ သတင်းသမား ၄၃ဦး၊ တတိယနေရာက မြန်မာတော့ သတင်းသမား ၃၅ဦး ထောင်ချခံခဲ့ရတာပါ။

သတင်းသမားတွေ စစ်ခုံရုံးနဲ့ စီရင်ပြီး ခုခံခွင့်မပေးဘဲ နှစ်ရှည်ထောင်ဒဏ်တွေ ချခဲ့တယ်လို့ ထောက်ပြပါတယ်။ ၂၀၂၄ မှာ ဆိုရင် Dawei Watch ရဲ့ သတင်းထောက် ကိုမျိုးမြင့်ဦးနဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီကို ထောင်ဒဏ်တစ် သက်ချခဲ့သလို Dawei Watch ရဲ့ သတင်းထောက် ကိုအောင်ဆန်းဦးနဲ့ ​မြန်မာနောင်း သတင်းထောက် ကိုစိုင်းဇော်သိုက် တို့ကိုလည်း ထောင်ဒဏ်နှစ် ၂၀အထိချခဲ့တယ်လို့ CPJ က ဖော်ပြပါတယ်။

……………………………………..

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားအစုလိုက်သေဆုံးမှုတွေ ဆက်ရှိ

ပုံစာ – တနိုင်းမြို့နယ်ထဲက KIA ထိန်းချုပ်ထားတဲ့နေရာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၁ ရက်မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ Photo – Kachin News Group

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယခုသီတင်းပတ်အတွင်းမှာလည်း အရပ်သား အများအပြားသေဆုံးမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ကချင်ပြည်နယ် တနိုင်းနဲ့ ဖားကန့်မြို့နယ်ထဲ ဗုံးကြဲတိုက်ခိုက်မှုတွေမှာ လူအများအပြား သေဆုံးတာတွေ့ရပါတယ်။ ရွှေနဲ့ ပယင်းမှော်တွေရှိတဲ့ တနိုင်းမြို့နယ်ထဲက KIA ထိန်းချုပ်ထားတဲ့နေရာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၁ ရက်မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၅ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသတွင်းနဲ့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကချင်ပြည်နယ်နေ့ကို သဝဏ်လွှာပို့ပြီး နောက်ရက်မှာပဲ တိုက်ပွဲဖြစ်တာမရှိဘဲ အခုလို ဗုံးကြဲခဲ့တာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၃ရက်မှာလည်း ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းလုပ်ကွက်တွေရှိတဲ့ ကျေးရွာနှစ်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူရှစ်ဦးထက် မနည်းသေဆုံးခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နယ်ထဲက ကနန်ရွာ ဇန်နဝါရီလ ၁၆ရက်က ဗုံးကြဲတိုက်ခိုက်ခံရလို့ ကလေးတစ်ဦးနဲ့ ပကဖ အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။ NUG က စစ်ကိုင်းတိုင်းထဲမှာ ရုံးစိုက်တော့မယ်လို့ ပြောဆိုပြီးနောက်မှာ တိုက်ခိုက်ခံရတာလို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

အခုသီတင်းပတ်အတွင်း မကွေးတိုင်းက ရေစကြိုမြို့နယ်၊ ရခိုင်က ပေါက်တော၊ ကျောက်တော်မြို့နယ်တွေ၊ ရှမ်းတောင်က ဆီဆိုင်မြို့နယ်၊ ကရင်နီ (ကယား) ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ဘေးရှောင်စခန်းတစ်ခုနဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၂၀ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါသေးတယ်။

……………………………………..

မြဝတီက ကျားဖြန့်ဂိုဏ်းကို ခြေရာခံမိပြီး အစွမ်းကုန်ချေမှုန်းမယ်လို့ တရုတ်ပြော

ပုံဟာ – ကျားဖြန့် လုပ်ငန်းတွေကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိုးကန့်သူဌေးတွေကို စစ်ကောင်စီက တရုတ်အစိုးရဆီကို၂၀၂၄ခုနှစ် ဇန်နဝါရီလမှာ လွှဲပေးခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမှာ ခိုအောင်းပြီး အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေအတွက် လူကုန်ကူးတဲ့ဂိုဏ်းကို သဲလွန်စအရဖော်ထုတ်တွေ့ရှိထားပြီး အစွမ်းကုန်ချေမှုန်းမယ်လို့ တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုပါတယ်။

တရုတ်သရုပ်ဆောင် ဝမ်ရှင်း ထိုင်းကနေ မြဝတီဘက်ကို လူကုန်းခံရပြီး ကျားဖြန့်လုပ်ငန်းမှာ ခိုင်းစေခံရတာကို ဖော်ထုတ် တွေ့ရှိပြီးနောက်မှာ ထိုင်းနဲ့ တရုတ်အစိုးရက ကျားဖြန့်နှိမ်နှင်းရေးကို လုပ်ဆောင်လာကြပါတယ်။ ဝမ်ရှင်းဖြစ်စဉ် ဖြစ်ပြီး နောက်မှာ နောက်ထပ် တရုတ်မော်ဒယ်လ်၊ မီးအလှပညာရှင်တွေ လူကုန်ကူးခံထားရတာတွေလည်း ပေါ်ပေါက်လာပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကိုကယ်ဆယ်ဖို့ စုံစမ်းစစ်ဆေးမှုကို အစွမ်းကုန် လုပ်နေတယ် လို့ တရုတ်အစိုးရရဲ့ ပြည်သူ့လုံခြုံရေးဌာနက ပြောဆိုချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

လူကုန်ကူးခံရသူတွေဟာ မြဝတီက အပိုလိုဇုန်ထဲကို ပို့ဆောင်ရောင်းစားခံရတာလို့ ဖော်ပြပါတယ်။ လူကုန်ကူးခံရသူတွေကို ကယ်နိုင်ဖို့ တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖြန့်ကျက်ထားပြီလို့ဆိုပါတယ်။ ကျားဖြန့်တွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး အထူးတိုက်ဖျက်သွားမှာဖြစ်သလို ကျားဖြန့်စခန်းတွေကိုအစွမ်းကုန်ချေမှုန်းမယ်လို့သတိပေးပါတယ်။ရာဇဝတ်ဂိုဏ်းမှာ ရင်းနှီး မြှုပ်နှံသူတွေ၊ အမာခံအဖွဲ့ဝင်တွေကို အစွမ်းကုန်ရှာဖွေဖော်ထုတ်ဖမ်းဆီးမယ်လို့လည်း တရုတ်အစိုးရက သတိပေးပါတယ်။

တရုတ်သရုပ်ဆောင် ဝမ်ရှင်း လူကုန်ကူးခံရတဲ့ ဖြစ်စဉ်ပေါ်ပေါက်လာပြီးနောက်မှာ မြဝတီကို ထိန်းချုပ်ထားတဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက မြဝတီထဲမှာရှိတဲ့ တရုတ်လုပ်ငန်းရှင်တွေကို ဇန်နဝါရီလ ၁၄ ရက်က ခေါ်ယူသတိပေး တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြချက်အရ သိရပါတယ်။

……………………………………..

စစ်ကောင်စီကို အပြီးတိုင်တော်လှန်မယ်လို့ တအာင်းတပ်ပြော

Photo – TNLA

နိုင်ငံတစ်ဝန်းက တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းတော်လှန်သွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၆၂နှစ်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၁၂ရက်က ထုတ်ပြန်ပါတယ်။

တအာင်းဒေသမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားကိုဖယ်ရှားနိုင်ခဲ့ပြီး ပြည်သူ့အစိုးရတစ်ရပ် အမြန်ဆုံးပေါ်ပေါက်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ နောက်တစ်ကြိမ် စစ်အာဏာရှင်အုပ်စုရဲ့ယန္တရား အခြေမစိုက်အောင် လုပ်ရမယ်လို့ PSLF/TNLA ဥက္ကဋ္ဌ ပြောဆိုပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဆက်လက် တိုက်ပွဲဝင်မယ်လို့လည်း ဆိုပါတယ်။

တအာင်းတပ်ဟာ တရုတ်ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့အသင့် ရှိတယ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်က ထုတ်ပြန်ထားပါသေးတယ်။ အဲဒီလို ထုတ်ပြန်ထားပေမယ့် တအာင်းတပ် ထိန်းချုပ်ထားတဲ့ နေရာတွေမှာစစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

……………………………………..

ဖားကန့်မှာ ရွှံ့နွံကန်ပေါက်လို့ နေအိမ်တွေနစ်မြှုပ်၊ လူဆယ်နဲ့ချီသေဆုံး

Photo – မှော်မင်းသား

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်က ရွှံ့နွံကန်ပေါက်လို့ စပေါ့ကျေးရွာက နေအိမ် ၅၀ကျော် ရွှံ့နွံတွေဖုံးသွားပြီး ကလေးငယ်တွအပါအဝင် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီလ ၁၃ရက် မနက် ၁နာရီကျော် လူတွေ အိပ်စက်အနားယူနေချိန်မှာ ရွှံ့နွံကန်ပေါက်ကျခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၅ရက်အထိ လူ ၃၂ ဦးရဲ့ ရုပ်အလောင်းကို ရရှိထားပြီး ပျောက်ဆုံးနေသူတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဒေသတွင်းနဲ့ ပြည်တွင်း သတင်းတချို့မှာ ဖော်ပြပါတယ်။

ရွှံ့နွံကန်ဟာ ရတနာအဓိပတိကုမ္ပဏီရဲ့ လုပ်ကွက်ဖြစ်ပြီး အဲဒီနေရာဟာ KIAထိန်းချုပ်မှုအောက်မှာရှိနေတာပါ။ ဖားကန့်မှာ ရွှံ့နွံကန်ပေါက်တာ၊ မြေစာပုံတွေပြိုကျတာတွေကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးမှုတွေမကြာခဏ ဖြစ်လေ့ရှိပါတယ်။

……………………………………..