ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ဘက်သို့ ထိုးဖောက်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်း တပ်တို့ တနင်္သာရီမြို့နယ်တွင် ရက်ဆက်တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
မောတောင်မြို့ဘက်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် KNLA ၊ KTLA ပူးပေါင်းတပ်တို့ သိန်ခွန်းရွာနှင့် သဲဖြူရွာကြားတွင် ဇန်နဝါရီလ ၁၀ရက်မှစပြီး ယနေ့အချိန်အထိ တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။
ရှစ်ရက်ကြာဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသည့်အပြင် လက်နက်ခဲယမ်း အချို့လည်း တော်လှန်ရေးတပ်ဘက်က သိမ်းဆည်းရရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။
ဇန်နဝါရီလ ၁၁ ရက်ကဖြစ်ပွားသည့် တိုက်ပွဲအတွင်း MA 3 သေနတ်တစ်လက်၊ လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆန်အချို့၊ ဇန်နဝါရီလ ၁၇ ရက် တိုက်ပွဲတွင် သေနတ် သုံးလက်နှင့် ခဲယမ်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဘက်က သိမ်းဆည်း ရရှိခဲ့ကြောင်း KNLA မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
“စစ်ကောင်စီဘက်ကတော့ တော်တော်များများ ထိခိုက်သေဆုံးနေတာရှိတယ်။ နှစ်ယောက်ကတော့ တိုက်ပွဲဖြစ်တဲ့ နေရာမှာပဲ သေကျန်ခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁နာရီကျော်အထိလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲ တွင်မူ KTLA တပ်ဘက်က ရဲဘော်နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း အထက်ပါရဲဘော်က ပြောသည်။
စစ်ကောင်စီတပ်သည် မောတောင်မြို့သို့သွားသည့် လမ်းတစ်လျှောက်ကို စိုးမိုးနိုင်ရေးကြိုးပမ်းနေသဖြင့် တော်လှန်ရေး တပ်တို့နှင့် မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
ယင်းကဲ့သို့ ရက်ရှည်တိုက်ပွဲဖြစ်ပွားနေသဖြင့် အနီးအနားကျေးရွာက ဒေသခံများလည်း ရက်ရှည်စစ်ဘေးရှောင်နေကြရပြီး အနွေးထည်၊ ရိက္ခာ၊ ဆေးဝါး အကူအညီများလိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့တို့က ပြောဆိုထားသည်။