အသား ၊ငါးပေါလှသည့် တနင်္သာရီတိုင်းသားများ၏ ထမင်းဝိုင်းတွင် ငါးဟင်းတစ်ခွက် ပါနိုင်ရေးက မလွယ်ကူတော့သည့် အခြေအနေဖြစ်လာသည်။
အာဏာသိမ်းပြီးချိန်မှစကာ တနင်္သာရီတိုင်းအတွင်း ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းသွားသလို တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် ဥယျာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ လယ်ယာလုပ်ငန်းများမှစကာ လုပ်ငန်းအားလုံးနီးပါး ရပ်တန့်ကုန်ပြီဖြစ်သည်။
ယင်းကြောင့် အလုပ်အကိုင်ရှားပါးနေသည့် ပြည်သူများမှာ ဝင်ငွေချို့တဲ့လာချိန်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ ဟန့်တားပိတ်ဆို့မှုများကြောင့် ကုန်စည်စျေးနှုန်းများ အဆမတန်ကြီးမြင့်လာနေသည်။
အစစအရာရာ ချွတ်ခြုံကျလာသည့် စစ်အာဏာရှင်လက်အောက်တွင် ပြည်သူအများစုက ထမင်းနပ်မှန်မှန်စားရရေး အတွက်ပင် အတော်လေးရုန်းကန်နေကြရသည်။
ကျန်းမာရေးစောင့်ရှောက်မှုကလည်း ယိုယွင်းပျက်စီးနေချိန် နေထိုင်မကောင်းဖြစ်လာပါက ဆေးကုစရိတ် ဖယ်လိုက်လျှင် စားသောက်စရာ မရှိတော့သည့် အခြေအနေဖြစ်နေသည်။ ယင်းကြောင့် ကျန်းမာရေး၊ ကလေးပညာရေး ဆိုသည်မှာ မစဉ်းစားရဲတော့။
နေ့စဉ်ဗိုက်ပြည့်အောင် စားခွင့်ရရေးအတွက်ပင် မနည်းရုန်းကန် နေကြရသည်။
ထိုကြောင့် ခက်ခဲကြမ်းတမ်းသည့် ခေတ်ကာလအတွင်း ဝမ်းစာရေးအတွက် နေ့စဉ်ရုန်းကန်နေသည့် တောင်ပိုင်းသားများ၏ နေ့စဉ်ဘဝဖြတ်သန်းမှု၊စိန်ခေါ်မှုများနှင့် အခက်အခဲများကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ပါသည်။
“ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စ လုပ်နေတော့ ကျောင်းကစွန့်တဲ့ထမင်းတွေ ၊ ဟင်းတွေ ရတယ်။ အဲဒီလို ရှိလို့ပဲ စိုစိုပြေပြေစားရတယ်”
အသေးစား ပရိဘောဂနှင့် သံပန်း လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦး၊ ထားဝယ်မြို့
DW ။ စားဝတ်နေရေး အခြေအနေ ဘယ်လို ရုန်းကန်နေရလဲ ပြောပြပေးပါ။
ဖြေ ။ ကိုဗစ်တုန်းကထက် အခြေအနေဆိုးတယ်။ အစစအရာရာ စျေးတက်နေကြတယ်။လုပ်ငန်းသုံးပစ္စည်း ၊ အိမ်သုံးပစ္စည်း အားလုံးပဲ စျေးတက်နေကြတယ်။
DW ။ အိမ်မှာ ရှိတဲ့လူဦးရေ နဲ့ အလုပ်ထွက်လုပ်တဲ့လူဦးရေ ပြောပြပေးပါ။
ဖြေ ။ အိမ်မှာက အဖေရယ် ၊ ကျွန်တော်ရယ် ၊ ညီနှစ်ယောက်ရယ် ၊ ညီမရယ် ၊ အဒေါ်သုံးယောက်ရယ် အားလုံး ရှစ်ယောက်ရှိတယ်။ အလုပ်ထွက်လုပ်နေရတာကတော့ ယောက်ျားသားတွေအားလုံးပေါ့။ လေးယောက်စလုံး အလုပ်ထွက်လုပ်နေရတယ်။အဖေက တက္ကစီမောင်းတယ်။ ကျွန်တော်က သံပန်းလုပ်တယ်။ ညီတွေက ဖုန်းပြင်ဆိုင်မှာ လုပ်ကြတယ်။
DW ။ လူလေးယောက်ရှာတာ လူရှစ်ယောက်စားဖို့ စရိတ်ကာမိလား။
ဖြေ ။ ကာမိလားဆိုတာကတော့ သာမန်အတိုင်းဆို မကာမိဘူး။ ဆန် ၊ဆီ ၊ဆား ၊ငရုတ် ၊ ကြက်သွန်မပါဘဲ စျေးဖိုးသက်သက်ကို တစ်သောင်းကျော် နှစ်သောင်းနီးပါး (ကျပ်) စျေးဖိုးနေ့တိုင်းလိုနေတယ်။ အဖေက တက္ကစီ ဆွဲလို့ရလာတဲ့ဟာက အရေးပေါ်အသုံးစရိတ်ချန်ရတယ်။ ကိုယ့်အလုပ်(သံပန်း)ကလည်း အပ်သူရှိမှ ငွေပေါ်တယ်။ ညီတွေကလည်း လကုန်မှ လစာရတယ်။ စားဝတ်နေရေးကတော့ အဒေါ်က ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စ လုပ်နေတော့ ကျောင်းကစွန့်တဲ့ထမင်းတွေ ၊ ဟင်းတွေ ရတယ်။ အဲဒီလို ရှိလို့ပဲ စိုစိုပြေပြေစားရတယ်။ ကိုယ်တိုင်ဆို ဆန်အိတ်လိုက်လည်းဝယ်မစားနိုင်ဘူး။ ဆီဆိုလည်း အရင်က ရှမ်းပြည်(ထိုင်းနိုင်ငံ) ကလာတာ ဝယ်စားတယ်။ အခုဆို စာအုပ်နဲ့တန်းစီပြီး ခွဲတန်းနဲ့ဆိုင်မှာပဲ ဆီဝယ်ဖြစ်တော့တယ်။ ကိုဗစ်ကာလတုန်းကတောင် စားပြီးသောက်ပြီးကျန်လို့ ငွေစုထည့်နိုင်သေးတယ်။ အခုဆို ငွေစုတွေ မထည့်နိုင်တာကြာပြီ။
DW ။ လုပ်ငန်းပိုင်းကရော အဆင်ပြေလား။ ဘာအခက်အခဲတွေရှိလဲ။
ဖြေ ။ လျှပ်စစ် အခက်အခဲရှိတယ်။ ကုန်ကြမ်းစျေးတက်တာရှိတယ်။ လျှပ်စစ်မီး က အခုနှစ်ပိုင်းတွေထဲမှာ အရမ်း ပြတ်တောက်တာကြုံလာရတယ်။ လုပ်ငန်းအချိန်မီအပ်မနိုင်လို့ တောင်းပန်ရတာမျိုးတွေ ကြုံရတယ်။ ကုန်ကြမ်းကတော့ ကိုယ်တိုင်အရင်စျေးနဲ့တွက် လက်ခပေါင်းပြီး လုပ်ငန်းလက်ခံလိုက်တယ်။ လုပ်ငန်းလုပ်ရင်း တန်းလန်း ပစ္စည်းစျေးက တက်နေတာမျိုးတွေ ကြုံရတယ်။ ပရိဘောဂလုပ်တဲ့ ကြိတ်သားတစ်ပြားကို ဝယ်နေကျစျေး ၃၇၀၀ဝ(ကျပ်) ကနေ ရန်ကုန်မှာ မီးပျက်များလို့ အထပ်ပြားစက်ရုံတွေက ကုန်မထွက်ဘူးဆိုပြီး ၄၅၀၀၀ ချက်ချင်းဖြစ်သွားတာမျိုးတွေရှိတယ်။ ပြီးတော့လက်ခအများကြီးလိုက်ယူလို့မရဘူး။ ကိုဗစ်တုန်းက လက်ခငါးသောင်းနဲ့လုပ်နေတာ အခုခေတ်စျေးဆိုပြီး တစ်သိန်းလောက်ယူလို့မရပြန်ဘူး။ ဘာလို့လဲဆိုတော့ ပစ္စည်းနဲ့ လက်ခစျေးပေါင်းတွက်လို့ ပမာဏများရင် အပ်မယ့်သူက မအပ်တော့ပြန်ဘူး။ အဲဒါကြောင့် လက်ခကို တစ်သောင်း၊ တစ်သောင်းခွဲလောက်ပဲ ထပ်တိုးတောင်းရဲတယ်။ အဲဒါလည်း အခက်အခဲ တစ်ခုပဲ။
DW ။ အခြားဖြည့်ပြီး ပြောချင်တာရှိလား။
ဖြေ ။ ရန်ကုန်မှာ မီးပြန်မှန်စေချင်တယ်။ ရန်ကုန်မှာ မီးမမှန်တာက ဒီမှာ ကုန်ကြမ်းစျေးတက်ဖို့ ဆင်ခြေရနေတာမျိုး လည်း ဖြစ်နေတယ်။ တစ်ကယ်လည်းဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။
“ညောင်ဦးကမ်းပါးပြို စမ္ပာနဂိုရ်က နွားမပေါင်ကျိုး” အဲလိုမျိုးပဲ ရန်ကုန်မှာ မီးမမှန်တာ ထားဝယ်မှာ ကုန်ကြမ်းစျေး လာတက်နေတယ်။ မီးမြန်မြန်ပြန်မှန်ပါစေ။
DW ။ ကျေးဇူးတင်ပါတယ်။
“ဟင်းရွက်သစ်သီးချက်စားမယ့်နေ့ဆို ငါး၊ အသားကိုလျှော့လိုက်ရတယ်။ ချင့်ချိန်နေရတယ်ပေါ့”
အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အိမ်ထောင်ရှင်မတစ်ဦး၊
သရက်ချောင်းမြို့နယ်။ သရက်နှစ်ခွကျေးရွာက
DW ။ ညီမတို့ အလုပ်အကိုင်က ဘာအလုပ်လုပ်လဲ။
ဖြေ ။ ညီမတော့ မိုးတွင်းဆို အလုပ်မရှိရင် စပါးလိုက်စိုက်တယ်၊ တစ်ရက်ကို ၁၅၀၀၀(ကျပ်) လောက်တော့ရတယ်။ ရော်ဘာခြစ်တာတော့ မခေါ်သေးလို့မလုပ်ရသေးဘူး။ အမျိုးသားကတော့ သူများသစ်ဖြတ်၊ သစ်ထိုးခေါ်လည်း လိုက်တယ်။ နေ့စားလိုက်ဖို့ လာခေါ်လည်း လိုက်သွားတာရှိတယ်။ အလုပ်ကတော့ ကြုံရာကျဘမ်းပဲ။ မိန်းမအလုပ်တော့ သိပ်မရှိဘူး။ လင်တစ်ယောက်လုပ်တာ မိသားစုသုံးယောက်စားဆိုတော့ တစ်ခါတစ်လေကျရင် မလောက်ဘူးပေါ့။
DW ။ အလုပ်က ပုံမှန်ရော ရှိရဲ့လား။ ရတဲ့ ဝင်ငွေနဲ့ စားလောက်တယ်ပေါ့။
ဖြေ ။ အလုပ်ကလာခေါ်ရင်လည်း လုပ်လိုက်တယ်။ လာမခေါ်ရင်လည်း မလုပ်ရဘူးပေါ့လေ။ နည်းနည်းလာလုပ်ပေးပါဆို လာခေါ်ရင် လုပ်လိုက်တယ်။ အလုပ်က ပုံမှန်တော့မရှိဘူး။ မိသားစုစားဖို့တွက် နည်းနည်းတော့အခက်အခဲရှိတယ်ပေါ့နော်။ ဘယ်လိုပြောမလဲ အဆင်ပြေသလိုမျိုးစားရတာပေါ့နော်။
DW ။ ညီမယောကျ်ားအလုပ်လုပ်တာက တစ်နေ့ကို ဘယ်လောက်ရတာလဲ။
ဖြေ ။ ပုံမှန်တော့ပြောလို့မရဘူး။ တစ်ခါတစ်လေလည်း နှစ်သောင်းရလာတာလည်းရှိတယ်။ တစ်ခါတစ်လေလည်း တစ်သောင်းခွဲလောက်ပဲ ရလာတာလည်းရှိတယ်။ ခက်ခဲတာပေါ့နော်။ ကလေးက ၄ နှစ်ပါ။ ကလေးမုန့်လည်း အရမ်းတော့ ဝယ်ပေးစားမနိုင်ဘူးလေ။ ကျွန်မတို့က ဆင်းရဲသားဆိုတော့ အရမ်းတော့ ဝယ်ပေးစားမနိုင်ဘူးပေါ့။
DW ။ အခုညီမတို့အိမ်မှာ တစ်နေ့ဆို ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ။ ဈေးဖိုးရော အထွေထွေအသုံးစရိတ်ပါဆိုရင် ဘယ်လောက်ကုန်လဲ။
ဖြေ ။ ဈေးဖိုးက ပုံသေတော့ပြောလို့မရဘူး။ တစ်ခါတစ်လေကျရင်လည်း (ကျပ်)တစ်သောင်းလောက်ကုန်တယ်။ အများအားဖြင့်က တစ်သောင်းလောက်ကုန်တယ်။ နေ့လယ်ဆို ကလေးမုန့်ဖိုးကလည်း ရှိသေးတယ်လေ။ အဲလိုဆို ဒီကရတဲ့ဟာနဲ့ ဒီကအသုံးစရိတ်ကို လိုက်ချိန်နေရတာပေါနော်။ ချိန်ပြီးစားနေရတာပေါ့နော်။ ငါး၊ အသားဆိုလည်း (ကျပ်)၂၀၀၀ ဖိုး ၃၀၀၀ ဖိုးဝယ်စားတဲ့အခါလည်း ဝယ်စားတယ်။ အဲလောက်ဆို တစ်နေ့လုံးစားလို့ မလောက်ဘူး။ အဲဒီအခါ ညနေဘက် ကြက်ဥလေးဘာလေး ပြန်ဝယ်စားရသေးတယ်။ အဲဒါမှ စားလောက်တယ်။ ကြက်ဥတစ်လုံးကလည်း (ကျပ်) ၅၀၀ ဖြစ်သွားပြီ။ ထွက်ငွေက ပုံမှန် (ကျပ်)၁၅၀၀၀ တစ်ခါတစ်လေလည်း ၂၀၀၀၀ ပေါ့။ အဲဒါတောင် မနည်းချွေတာထားတာရှင်။
DW ။ ဝက်သားတွေဘာတွေရော ဝယ်စားဖြစ်ရဲ့လား။ ကြက်သားတွေဘာတွေရော။
ဖြေ ။ မှန်းမရဲဘူး။ မှန်းလို့ကို မရဲဘူး။ ဝက်သားက ကြိုက်တယ်။ (ကျပ်) ၅၀၀၀ ဖိုးဆို ၁၅ ကျပ်သားလောက်ပဲ ရတာဆိုတော့ ဝယ်စားမဖြစ်ဘူး။ တစ်လမှာလည်း တစ်ခါတောင် မဝယ်စားဖြစ်ဘူး။ ကြက်သားဆိုလည်း ကြက်ပေါင်တစ်ပေါင်(ပေါင်တစ်ဖက်)ကို ၄၅၀၀ ဖြစ်နေပြီ။ ဆီတစ်ဘူး(တစ်လီတာ)ကိုလည်း ၇၅၀၀ ဖြစ်နေပြီ။ အဲဒါက ၄၊ ၅ ရက်စာပဲရတယ်လေ။ အဲဒါဆို သုံးတဲ့အထဲက ဝယ်လိုက်တာဖြစ်သွားပြီ။
DW ။ (အာဏာမသိမ်းခင်က) အရင်တုန်းကရော ဘယ်လိုအခြေအနေရှိခဲ့လဲ။
ဖြေ ။ အရင်တုန်းက ပိုက်ဆံ ၅၀၀၀ နဲ့ဈေးကိုသွားရင် ဝက်သားယူမလား၊ ကြက်သားယူမလား ဝယ်စားလို့ရတယ်။ ကန်စွန်းရွက်တစ်စီးလည်း (ကျပ်) ၅၀ ပဲ။ ကြက်ပေါင်ဆိုလည်း တစ်ဖက်ကိုမှ ၁၁၀၀ လောက်ပဲရှိတယ်။ အခုက ထက်ဝက်ခေါက်ကျိုးကွာနေတယ်လေ။ ကျွန်မတို့လောက်ပဲ မဟုတ်ဘူးလေ။ ဆင်းရဲသားတွေအကုန်လုံးမှာ အခက်အခဲတွေရှိတယ်။ မိသားစုတိုင်း ရင်ဆိုင်နေရတာပဲ။ ဒါက အပြစ်တင်လို့မရဘူး။ ကျွန်မတို့မှာ ရော်ဘာခြံလည်း မရှိဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် လူတောင် သူများခြံထဲမှာနေရတာ။ သူများခြံထဲမှာတောင်းနေပြီး ကြုံရာကျဘမ်း လုပ်တာပေါ့နော်။
အရင်တုန်းကဆို ပိုက်ဆံ ၅၀၀၀ လောက်သုံးမယ်ဆို ဝက်သားဟင်းလေး တစ်ခွက်လောက်ရတယ်။ ဟင်းရွက်ကြော်နဲ့ ငါးပိတို့စရာနဲ့ ငါးစိမ်းကော ဘာညာပါသေးတယ်။ အခုက ငါးပိတို့စရာကို ဦးစားပေးဝယ်မယ်ဆို ဝက်သား ကြက်သားကို လျှော့လိုက်ရတာပေါ့။ အရင်က ကန်စွန်းရွက်တစ်စီးကို ၅၀။ နှစ်စီးမှ (ကျပ်)၁၀၀။ အခုက ချဉ်ပေါင်ရွက်တစ်စီးကို ၄၀၀ ကန်စွန်းရွက်တစ်စီးကိုလည်း (ကျပ်) ၃၀၀၊ ၄၀၀ ဖြစ်နေတယ်။ ဟင်းရွက်သစ်သီးချက်စားမယ့်နေ့ဆို ငါး အသားကိုလျှော့လိုက်ရတယ်။ ချင့်ချိန်နေရတယ်ပေါ့။ ကြက်ပေါင်တစ်ဖက် ဝယ်မယ်ဆိုလည်း မိသားစုသုံးယောက် တစ်နေ့လုံးစားလို့လောက်မှာမဟုတ်ဘူးလေ။
အဲလိုဆိုတော့ ငါးပဲ ဝယ်စားဖြစ်တာများတယ် ဟင်းသီးဟင်းရွက်နဲ့ ငါးတောင်မှ ကလာငူ(ငါးအမျိုးအစား) လို ငါးမျိုးစားမယ်ဆိုရင် အရင်က ကလာငူငါးလက်နှစ်သစ်အရွယ် တစ်တုံးဆို ၂၀၀၀ ပဲ။ အလွန်ဆုံး ၂၅၀၀ ပဲလေ။ အခုဆို ၅၀၀၀၊ ၆၀၀၀ တောင်ဆိုတော့ မေးကြည့်လို့တောင်မရဲဘူး။ အခုဆို ကျွန်မတို့မှာ ငါးဆိုလည်း ကုလားငါး(ဗောကြေးငါး) လို့ ခေါ်တယ်လေ။ အဲလိုငါးတွေ ပလာတူးငါးတွေ ဗျစ်နီငါးတွေလို ဈေးသက်သာတဲ့ငါးတွေပဲ ဝယ်စားဖြစ်တယ်။
အဝတ်အစားဆိုလည်း ပွင့်ပွင့်လင်းလင်းပြောမယ်ဆို ကျွန်မလင်ဘက်က အဒေါ်တွေ အစ်မဝမ်းကွဲတွေပေးတာတွေနဲ့ပဲ အလှူအတန်း မင်္ဂလာပွဲသွားလိုက်တယ်။ ကိုယ့်ဘာသာကိုယ်ချုပ်ဝတ်မဖြစ်တော့ဘူး။ အရင်ကဆို ဈေးထဲကိုသွားရင် အင်္ကျီလေးတစ်ထည်လောက်မြင်ရင် ဝယ်ဝတ်ဆိုလည်း ဝယ်ဝတ်နိုင်တယ်။ အခုကတော့ ဈေးကလည်းကြီးတော့ မဝယ်ဝတ်ဖြစ်တော့ဘူး။
DW ။ အခုက လုပ်နေရင်းကနေ မပြေလည်တာမျိုးလား၊ အကြွေးတွေဘာတွေတင်တာမျိုးရော ရှိလား။
ဖြေ ။ အကြွေးတင်တယ်။ အတိုးပေးနေရတယ်။ အကြွေးတင်တာက လုပ်နေရင်းကနေ အိမ်ကလူက နေမကောင်း စားမကောင်းတဲ့အခါမျိုးဆို အလုပ်မလုပ်နိုင်ဘူးလေ။ အလုပ်နားနေရတဲ့အခါမျိုးမှာဆို အိမ်မှာလည်းစားဖို့လို။ သူ့ကိုလည်း ဆေးထိုးပေးဖို့လိုဆိုတော့ သူ့အဒေါ်တွေနားမှာပဲ ငါးသောင်းယူလိုက် တစ်သိန်းယူလိုက်နဲ့ ပြန်မဆပ်နိုင်တော့ အကြွေးတက်လာ တက်လာနဲ့ သုံးသိန်းလောက်ဖြစ်သွားတယ်။
“အခုလိုဆက်ဖြစ်နေဦးမယ်ဆိုရင် ဒေသခံတွေက ကြာလေ ငတ်မွတ်လာလေ အနေအထားရောက်လာမှာပေါ့”
ဒေသခံအမျိုးသားတစ်ဦး၊ သဘော့လိပ်ရွာ၊ တနင်္သာရီမြို့နယ်
DW ။ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း သဘော့လိပ်ကျေးရွာရဲ့ စားဝတ်နေရေးအခြေအနေလေးပြောပြပါလား။
ဖြေ ။ ဘဘော့လိပ်မှာတော့ လူအများစု ကွမ်းသီးလုပ်ငန်းပေါ့။ ရာသီပေါ်လုပ်ငန်းတွေ စနေကြတယ်။ ကျန်တဲ့သူတွေဆိုတော့ ဆိုင်ကယ် ကယ်ရီမောင်းတာရယ်၊ ပြီးတော့ ပစ္စည်းတိုက်တာရယ် အဲဒါတွေမျိုးလုပ်ကိုင် စားသောက်ကြတယ်ပေါ့။ အာဏာမသိမ်းခင်ကတော့ အဓိကကတော့ ကျွန်တော်လည်း ပရဟိတလုပ်ငန်းတွေနဲ့ပဲ လှုပ်ရှားနေတာမျိုးရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဈေးရောင်းတဲ့ အလုပ်ကိုပြောင်းလိုက်ရတယ်ပေါ့။ အဓိကကတော့ ဈေးရောင်းတဲ့ လုပ်ငန်းဘက်ကို ရောက်သွားတယ်။ ဘိတ်(မြိတ်)အခြေအနေမှာ နေဖို့မလွယ်တော့ နေရာပြောင်းရွှေ့ပြီးနေတာမျိုးပေါ့။ အရင်ကလုပ်တဲ့ လုပ်ငန်းတွေကို နေရာပြောင်းပြီး လုပ်နေရတာမျိုးပေါ့။
DW ။ အာဏာသိမ်းပြီးနောက်ပိုင်း ရွာရဲ့ စားဝတ်နေရေးအခြေအနေကရော ဘယ်လိုတွေဖြစ်လာလဲ။
ဖြေ ။ အရင်လုပ်ခဲ့တဲ့ နေရာကနေပြောင်းပြီးလုပ်လိုက်ရတယ်။ အဆင်ပြေလားဆိုတော့ အမှန်တိုင်းပြောရရင် အဆင်မပြေဘူး။ စားဝတ်နေရေးအတွက် ကိုယ့်တစ်နေ့တာကို လုံးပန်းနေရတဲ့အခြေအနေမျိုးပေါ့။ အခုအခြေအနေမှာဆိုရင်လည်း ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ကြောင့်ကြမှုတွေကို အမြဲတမ်းကြုံတွေ့ရတဲ့အခြေအနေမျိုးဖြစ်နေတာမျိုးပေါ့။ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း တကူ(ရွာ)ဘက်မှာ လေယာဉ်နဲ့ကြဲသွားတဲ့ အခြေအနေမျိုးတွေရှိနေတယ်ပေါ့။ ရွာအနေအထားအရဆိုရင်လည်း ရွာနဲ့လည်း မနီးမဝေးရွာဖြစ်တဲ့အတွက်ကြောင့် ဒီရွာကလည်း လန့်နေရတယ်။ ရွာကနေ လေယာဉ်တွေက ဖြတ်သွားနေတာမျိုးလည်းရှိတယ်ဆိုတော့ တော်တော်များများလန့်ကြတယ်။ တချို့လူတွေကျတော့ အထုပ်တွေပြင်ဆင်ထားတာမျိုးတွေ့ရတယ်။ အထုပ်တွေပြင်ဆင်တယ်ဆိုတာ စစ်ဖြစ်လို့ ထွက်ပြေးရတာမျိုးက လူတိုင်းအတွက် အလုပ်ကိုပစ်ထားခဲ့ရပြီလေ။
DW ။ လက်ရှိမှာတိုက်ပွဲကြောင့် ရွာမှာဘယ်လိုအကျိုးဆက်တွေခံစားနေရလဲ။
ဖြေ ။ အခုလက်ရှိအခြေအနေမှာက တိုက်ပွဲဖြစ်နေတာကြောင့် လမ်းတွေပိတ်ထားတယ်။ လမ်းပိုင်းဆက်သွယ်ရေးတွေ အခက်အခဲအများကြီး ကြုံတွေ့နေရတဲ့အနေအထားမှာဆိုရင် စားနပ်ရိက္ခာတွေကို ဖြတ်တောက်ခံရတဲ့အနေအထားမှာ ကြုံတွေ့နေရတဲ့ အခါမှာဆိုရင် လူတွေတော်တော်များများက အသက်စွန့်ပြီးတော့ ပစ္စည်းရိက္ခာတွေကို သွားရောက်သယ်ယူရတဲ့ အနေအထားမျိုးတွေရှိတယ်ပေါ့။ တချို့သူတွေဆိုရင် အသက်စွန့်ပြီးတော့ ဆိုင်ကယ်နဲ့ သွားရောက် သယ်ယူရတဲ့ အခြေအနေမှာဆိုရင် ပစ္စည်းတွေယူပြီးဆိုရင် ရွာဘက်မှာ ပြန်ရောင်းချတာမျိုးတွေလည်းရှိတယ်။ တချို့ရောင်းချတာမျိုးက ပစ္စည်းသယ်ခတွေ ဆိုင်ကယ်ဖိုးတွေက ဈေးကြီးတော့ အများကြီးဝယ်စားနိုင်တာမျိုးမဟုတ်ဘဲ ချွေတာစားသောက်နေရတဲ့ အနေအထားမှာရှိတယ်ပေါ့။
DW ။ တိုက်ပွဲကြောင့် လမ်းတွေပိတ်တော့ ရွာရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေလဲ။
ဖြေ ။ လုပ်ငန်းတွေကိုလည်း လည်ပတ်နိုင်တဲ့အနေအထားမရှိတော့ ရွာတွေမှာဆိုရင် အဓိကကတော့ စီးပွားရေးကတော့ ရာသီပေါ်လုပ်ငန်းတွေပဲ အဓိက လုပ်ကိုင်ပြီးတော့ စားသောက်နေရတာပေါ့။ ရာသီပေါ်လုပ်ငန်းတွေကလည်း လမ်းပန်းဆက်သွယ်ရေးပိတ်သွားလို့ရှိရင် ရပ်တန့်နေရတဲ့အနေအထားမှာမျိုးဖြစ်နေတယ်။ ဥပမာ ရော်ဘာတို့၊ ကွမ်းသီးခြောက်တို့ဆို လမ်းပန်းဆက်သွယ်ရေးပိတ်သွားလို့ရှိရင် ရာသီပေါ်ပစ္စည်းတွေကို မြို့ဘက်ကို အချိန်မီ မပို့နိုင်တာတွေမျိုးဖြစ်နေတယ်။ လမ်းပန်းဆက်သွယ်ရေးအဆင်မပြေတော့ ဒီပစ္စည်းတွေကလည်း စားလို့ရတာမဟုတ်ဘူးလေ။ ပိုက်ဆံရှိမှပဲ ရိက္ခာဝယ်တာမျိုးတွေလုပ်လို့ရတာ။ အဲတော့ပစ္စည်းတွေရှိတဲ့သူတွေတောင် စားသောက်ဖို့အနိုင်နိုင်ရုန်းကန်နေရတာ။ လုပ်ငန်းမရှိတဲ့သူတွေမျိုးဆို ဘယ်လောက် အခက်အခဲတွေရှိလဲဆိုတာ တွေးကြည့်လို့နိုင်တယ်လေ။
တချို့ဆိုရင်လည်း တခြားရွာဘက်ကနေ စစ်ဘေးရှောင်ရောက်လာတဲ့ အခါကျရင်လည်း အိမ်ရှင်ကနေ ဧည့်သည့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့မနိုင်တာ၊ ဧည့်ခံမပေးနိုင်တဲ့အနေအထားကိုကြုံတွေ့လာရတယ်။ စားနပ်ရိက္ခာတွေမရှိတော့ လူတိုင်းက ကိုယ့်အတွက်လည်းကိုယ်ဖြေရှင်းဖို့ အရေးကြီးတာဆိုတော့ တခြားသူတွေအတွက်ကို ပြည့်ပြည့်ဝဝ မကျွေးနိုင်တဲ့ အနေအထားကိုရောက်လာတာမျိုးပေါ့။ ရွာဘက်မှာတော့အခက်အခဲတွေ တော်တော်များများကတော့ ကိုယ်စီကိုယ်စီရှိနေကြတယ်။
အခုရွာအနီးအနားမှာဆိုရင် ရော်ဘာလုပ်ငန်းရယ်၊ ကွမ်းသီးခြောက်ကောက်(ခူး)တဲ့လုပ်ငန်းရယ် အဲဒါတွေကတော့ တိုက်ပွဲမဖြစ်တဲ့ နေရာတွေမှာလုပ်နိုင်ပေမဲ့ တိုက်ပွဲဖြစ်ပွားတဲ့အနီးအနားဆိုရင်တောင် မလုပ်နိုင်တော့တဲ့ အနေအထားမျိုးပေါ့။ ကိုယ့်ဥယျာဉ်မှာတောင် မလုပ်ကိုင်နိုင်တော့တဲ့အနေအထားမျိုးပေါ့နော်။ ဒါတော့ ရွာမှာတော်တော်လေးအကြပ်ရိုက် တာမျိုးရှိလာတယ်ပေါ့။
DW ။ တကယ်လို့ အခုလိုဆက်ဖြစ်နေဦးမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်မယ်လို့ထင်လဲ။
ဖြေ ။ အခုလိုဆက်ဖြစ်နေဦးမယ်ဆိုရင် ဒေသခံတွေက ကြာလေ ငတ်မွတ်လာလေ အနေအထားရောက်လာမှာပေါ့။ ပြီးတော့ နယ်စပ်ကနေ ထိုင်းနိုင်ငံကို ထွက်ပြေးတာမျိုးရှိလာမယ်။ အဲဒီအခါကျရင်လည်း ထိုင်းဘက်က ပြန်ဖမ်းပြီးတော့ ဒီစစ်ကောင်စီဘက်ကို ပြန်ပို့ခံရဦးမယ်ဆိုပြီး စိုးရိမ်ရသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အသက်မသေအောင် ရုန်းကန်နေရဦးမှာပေါ့။ ရှိတာလေးနဲ့စားရမဲ့ အနေအထားမျိုးဖြစ်နေဦးမှာပေါ့။
DW ။ ထပ်ပြီးတော့ ဖြည့်စွက်ပြောပြချင်တာမျိုး ရှိသေးလားဗျ။
ဖြေ ။ အဓိကကတော့ ဒေသခံအားလုံးကတော့ လုပ်ငန်းတွေ၊ စီးပွားရေးတွေကို အရင်ကလို လည်ပတ်နိုင်ဖို့အတွက်ဆိုရင် အဓိက က တိုက်ပွဲတွေအမြန်ဆုံးအေးချမ်းတာမျိုးကို လိုချင်တာပေါ့။ အဲလိုဖြစ်လာလို့ရှိရင် ပြည်သူတွေအကုန်လည်း အရင်လို ပျော်ပျော်ရွှင်ရွှင် ပြန်နေလို့ရမဲ့ အနေအထားကိုဖြစ်လာမှာပေါ့။ အဲလိုဖြစ်လာမယ့်လို့လည်း ယုံကြည်တယ်ပေါ့။
DW ။ ကျေးဇူးတင်ပါတယ်။
“အခုမေးလို့သာပဲ ဖြေရတာ။ မမေးစေချင်ဘူး ဒါတွေတွေးရင်အရမ်းဝမ်းနည်းတယ်”
လောင်းလုံးဒေသခံအမျိုးသမီးတစ်ဦး
DW ။ စစ်တပ်က စားရိက္ခာ သယ်ယူခွင့်ပိတ်ထားလို့ အကျပ်အတည်းကာလမှာ ဝမ်းရေးအတွက် ဘယ်လိုရုန်းကန်နေရလဲ။
ဖြေ ။ တစ်ချို့ သူတွေမှာ စပါးလက်ကျန်ရှိလို့တော်သေးတာပေါ့။ အဲဒါတွေ တစ်တင်းလို တစ်တင်းဝယ်ပြီး စက်နဲ့ကြိတ်ခွဲစားရတာပေါ့။ဈေးမတက်တဲ့ စားသောက်ကုန် ဘာမှမရှိဘူး။ဝယ်ထားပြီးအကြာကြီးစားရတယ်ဆိုတာ ဆားတစ်မျိုးပဲရှိတယ်။
DW။ အဝတ်အစားနဲ့ အိမ်သုံးပရိဘောဂ ဘက်မှာဆိုရင် ဘာတွေသက်ရောက်လာလဲ။
ဖြေ ။ အဝတ် ဝယ်ဝတ်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားဖြစ်ဘူး(ရယ်လျက်)။ အဝတ်အစားထက်အရေးကြီးတာတွေက အများကြီးလေ။ မနက်မိုးလင်းတာနဲ့ကို စားဖို့သောက်ဖို့ ဝယ်ဖို့ချမ်းဖို့လိုနေပြီလေ။တစ်ကယ်ပဲ အဲဒီအတွက် စဉ်းစားချက်မှာတော့ မပါတော့ဘူး။အိမ်ပရိဘောက အသုံးဆောင်ပစ္စည်းဆိုရင် ပိုလို့တောင် မစဉ်းစားဖြစ်သေး။ ရှိတဲ့ပစ္စည်းတွေ ဖာထေးပြုပြင်ပြီး သုံးလိုက်တာပဲ။အဓိကက ကျပ်တည်းလို့လေ။ မိန်းကလေးက ငွေရှိရင် အဲဒါတွေဝယ်ချင်တာပါပဲ။
DW ။ ပုံမှန်ဝယ်ယူသုံးစွဲနေတဲ့ အလှကုန်ပစ္စည်းအပေါ်ရော ချွေတာရတာမျိုးရှိလား။
ဖြေ ။ ချွေတာရတာက ပြောမနေနဲ့။ ကျောက်ပျဉ်ပေါ်မှာ တောသန်ဂီး(သနပ်ခါးတုံး)ပဲရှိတယ်။ အဲဒါတောင်မှာ တစ်ခါတစ်လေမှ လိမ်းတယ်။ စိတ်ဓာတ်ကျနေတဲ့အခါဆို မလိမ်းတော့ဘူး။ ဘာလို့စိတ်ဓာတ်ကျလဲဆို အစက အထည်ချုပ်လို့ ရနေသေးတယ်။ အခုကလက်တဖက်က ထိခိုက်မိသွားတော့ ဘာမှဝင်ငွေမရှိတော့ဘူးလေ။ အဲဒါတွေအပေါ်စိတ်ဓာတ်ကျမိတယ်။ သနပ်ခါးမလိမ်းတော့တဲ့ ရက်တွေက ပိုများပါတယ်။အစ်မဆို နှုတ်ခမ်းနီ၊ ဖိနပ်အရမ်းကြိုက်တယ်။ အရင်ကဝယ်လည်း ဝယ်တယ်။ အခုက စဉ်းစားလို့ကိုမထွက်တော့ဘူး။ ကျန်းမာရေးဖိနပ်တောင် အနိုင်နိုင်။ အရင်ကနဲ့ ဘာမှမဆိုင်ဘူး။ အခုအခြေအနေမှာ ဘဝပြောင်းသွားသလိုမျိုးကို ဖြစ်နေပြီ။ခြောက်လသောက်ရမဲ့ဆေးတောင် တစ်လပဲသောက်ပြီးနားထားရတယ်။ ဆေးထက်အရေးကြီးတဲ့ အစ်မမှာသားတစ်ယောက်ရှိသေးတယ် သူ့ကိုလည်းငဲ့ရသေးတယ်လေ။
DW ။ ဆေးက တစ်လစာပဲသောက်တယ်ဆိုတော့ အရေးပေါ်ကျန်းမာရေးဖြစ်လာရင်ဘယ်လိုလုပ်မလဲ။
ဖြေ ။ အနေအထိုင်အစားအသောက်အရင်ကထက် ပိုပြီးဆင်ခြင်ရတာပေါ့လေ။သားကိုတောင်အမြဲပြောနေရတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး ဒီဘက်မှာကျတော့ ဆရာဝန်ဆိုတာလည်း မရှိသလောက်ပဲလေ။ ဆေးကောင်းဝါးကောင်းလည်း မရှိတော့။ သားကိုလည်း ဆင်ဆင်ခြင်ခြင်စားဖို့သောက်ဖို့ပဲ အမြဲဆုံးမနေရသလိုမျိုး ကိုယ်တိုင်လည်းဆင်ခြင်ရုံပေါ့။
DW ။ ဒါဆိုရင် သားသမီးပညာရေးနဲ့ပတ်သတ်ပြီးဘာတွေ ရင်ဆိုင်နေရာလဲ။
ဖြေ ။ ဘာမှလုပ်မရဘူး။လက်လှမ်းလည်းမမီဘူးလေ။ အစ်မတို့နယ်တွေမှာ ကျောင်းမရှိဘူး။သားဆိုရင် တတိယတန်းအောင်ပြီးကတည်းက ကျောင်းမနေရတော့တာ။သားသမီးကို ကျောင်းမထားရတာ စားဝတ်နေရေး ချို့တဲ့လို့ ငတ်ပြတ်တာထက်ပိုပြီးခံစားရတယ်။ အစ်မဆို ပိုပြီးရင်နာရတယ်။ အမေတစ်ယောက် သားတစ်ယောက် ရဲ့ဘဝမှာ ကိုယ်မရှိတော့ရင် သူ့ပညာနဲ့သူ့ခြေထောက်ပေါ် သူရပ်တည်လို့ရအောင် ဖြစ်စေချင်တာ။အခုက အဲဒီအခွင့်အရေးတွေလည်း မရှိသလို ရှိတဲ့နေရာကိုလည်း ကိုယ်တိုင်လက်လှမ်းမမီနိုင်ဘူး။ ခေါင်းထဲမှာအမြဲထူပူနေတယ်။ ဘယ်အချိန်ပြေးရမလဲ ဘယ်အချိန်လက်နက်ကြီးလာကျမလဲဆိုတာတွေက အမြဲတမ်းတွေးပူနေရတယ်။အခုမေးလို့သာပဲ ဖြေရတာ။ မမေးစေချင်ဘူး ဒါတွေတွေးရင်အရမ်းဝမ်းနည်းတယ်။
DW ။ ဒါဆိုရင် နေ့စဉ်နီးပါးစားဝတ်နေရေး၊ကျန်းမာရေး၊သားသမီးပညာရေး ဒီအရာတွေ ကိုယ်ခေါင်းပေါ်တင်ပြီး နေ့တိုင်းစဉ်းစားဆုံးဖြတ်နေရတော့ အစ်မစိတ်မှာ သက်တောင့်သက်သာရှိရဲ့လား။
ဖြေ ။ စိတ်ဖိစီးမှုတွေ အရမ်းကိုများတာပေါ့။စဉ်းစားလိုက်တိုင်း အမြဲစိတ်ဆင်းရဲစရာတွေချည်းပဲ။ အတက်နိုင်ဆုံး မေ့ထားတယ်။စားဝတ်နေရေးသာ မေ့မရလို့ နေ့တိုင်းခေါင်းထဲထည့်ထားရတာ။ ကျန်းမာရေး၊သားသမီးပညာရေး၊ ကျန်တဲ့ဝေယျာဝစ္စတွေဆို အကုန်မေ့ထားရတယ်။ အိမ်မှာအသက်ကယ်ဆေးဆို အစားမှားအညှော်ခံ (ထားဝယ်ရိုးရာဆေး)ပဲ တစ်ဘူးမှ (ကျပ်)တစ်ထောင်။ ဗိုက်အောင့်၊လေနာ၊ဝမ်းပျက်၊ ဝမ်းလျှော၊ပျို့အန် အဲဒီဆေးက အဓိကပဲ။
DW ။ လူမှုရေးကဏ္ဍတွေမှာရော ဘာတွေသက်ရောက်မှုရှိလာလဲ။
ဖြေ ။ မင်္ဂလာဆောင်ဆိုရင် မသွားဘဲနေလိုက်တာကများပါတယ်။ အလှူကတော်သေးတယ်။ မင်္ဂလာဆောင်က ပိုက်ဆံပေးရတယ်လေ။ ကိုယ့်ကိုခင်မင်ရင်းနှီးလို့ခေါ်တာကျတော့ ကိုယ်ကလည်း ပေးချင်ကမ်းချင်ပါတယ်။ ဒါပေမဲ့ အစ်မတို့မှာ အဲလောက်တောင်မတတ်နိုင်ဘူး။ ဒါကြောင့် လူမှုရေးဆိုလည်း နည်းလာတာပေါ့လေ။ ကိုယ်ကိုခေါ်ပါလျက် နဲ့ သွားမဖြစ်လိုက်တဲ့ အလှုရှင် ကိုယ်မိတ်ဆွေတွေနဲ့ လမ်းမှာတွေ့ရင်အရမ်းအားငယ်တယ်။ ရှက်လည်းရှက်တယ်။ လမ်းမှာတောင်မနှုတ်ဆက်ရဲတော့တဲ့အထိဖြစ်တယ်။
DW ။ ကျေးဇူးတင်ပါတယ်။