တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ တော်လှန်ရေးတပ်များက ဒရုန်းဖြင့်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ပလမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၇ ရက် နေ့လယ်ပိုင်းတွင် လက်နက်ကြီးနှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါလက်နက်ကြီးကျည်ဆန်များမှာ ဇရပ်ဆိပ်ကျေးရွာနှင့် ဘိုင်းပြင်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း တပိုကျေးရွာဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးနဲ့ထုတာ ဇရပ်ဆိပ်ရွာလယ်က ဦးစိုးညွန့်အိမ်နား တစ်လုံးကျတယ်။ ဘိုင်းပြင်ဖက် တစ်လုံးကျတယ်”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် ဇရပ်ဆိပ်ရွာလမ်းမကြီးတွင် ချိုင့်ခွက်ဖြစ်သွားပြီး အနီးနားရှိလူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံအချို့ ကပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာတွင် လူထိခိုက်မှုရှိ မရှိ မသိရသေးပေ။
ထိုသို့ပစ်ခတ်ပြီးနောက် မနေ့ညဦးပိုင်းတွင် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် ပလမြို့ ပေါ်ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမားနေပြီး တိုက်ပွဲများ အချိန်မရွေး ထပ်ဖြစ်လာနိုင်သည့် အနေအထားရှိကြောင်း ဒေသခံများထံမှသိရသည်။