ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့-PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူကို မိကျောင်းစစ်ကြောင်းက ဇန်နဝါရီလ ၈ ရက်က ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်အချို့နှင့် ဆွေမျိုးနီးစပ်သူများက ပြောသည်။
အသက် ၄၀ ကျော်အရွယ် ကိုပင်လယ်လူမှာ PRDF တပ်ဖွဲ့မှ နုတ်ထွက်ခဲ့သည်မှာ ၉ လ ကျော်ရှိပြီး မိကျောင်းစစ်ကြောင်း တွင် ပြောင်းလဲတာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
၎င်း၏ အမျိုးသမီး ကလေးမီးဖွားမည့်ကိစ္စဖြင့် မိကျောင်းစစ်ကြောင်းထံ ခွင့်တစ်လယူပြီး ရွာတွင် ပြန်လာနေထိုင်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
အမျိုးသမီးဖြစ်သူမှာ ဗိုက်ခွဲကလေးမွေးထားရသဖြင့် ခွင့်နှစ်လကျော်ကြာသွားခဲ့ပြီးနောက် ဇန်နဝါရီလ ၈ ရက်ညပိုင်းတွင် မိကျောင်းစစ်ကြောင်းက ဝိုင်လူး ဆိုသူအပါအဝင် လက်နက်ကိုင်လူ ရှစ်ဦးခန့်နှင့် ရွာခံသုံးဦးတို့က ကိုပင်လယ်လူကို လာရောက် ဖမ်းဆီးသွားကြောင်း ၎င်းက ဆိုသည်။
“သူအရင်နေခဲ့တဲ့ (PRDF) အဖွဲ့က ကိုသားကြီးက ဖမ်းခိုင်းတယ်လို့ဆိုတယ်။ မိကျောင်းစစ်ကြောင်းက ဝိုင်လူးဆိုတဲ့လူရယ် လူ ၈ ယောက် ရွာခံ ၃ ယောက်ပါတယ်။ ၈ ရက် ည ၈ နာရီခွဲလောက်မှာ လာဖမ်းတယ်။ နောက်တစ်နေ့ ၉ ရက်နေ့မှာ သတ်လိုက်ပြီလို့ ကြားတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဖမ်းဆီးသွားသည့်အကြောင်းအရင်းနှင့် သတ်ဖြတ်ခံရသည့်အကြောင်းအရင်းကိုမူ မိသားစုဝင်များ၊ ဆွေမျိုးနီးစပ်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့လည်း မသိကြောင်း ပြောဆိုကြသည်။
မိသားစုဝင်များနှင့် ဆွေမျိုးနီးစပ်သူများက သက်ဆိုင်ရာတာဝန်ရှိသူများ၊ တော်လှန်ရေးအင်အားစုများ၏ အကူအညီဖြင့် အဆင့်ဆင့် လိုက်လံမေးမြန်းစုံစမ်းရာတွင် ဖမ်းဆီးသွားသည့် ညက အပေါ့သွားစဉ် ထွက်ပြေးသဖြင့် ပစ်သတ်လိုက်သည်ဟု ပြောဆိုကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထပ်မံမေးမြန်းစုံစမ်းရာ ကိုပင်လယ်လူကို ဇန်နဝါရီလ ၉ ရက် နံနက် ၁၁ နာရီခန့်တွင် သတ်လိုက်ခြင်းဖြစ်သည်ဟု သိရပြီး လဲကျသေဆုံးနေသည့် ဓာတ်ပုံမှတ်တမ်းကို ရရှိထားကြောင်း ၎င်းက ပြောသည်။
“အမှန်တရားလိုချင်တယ်။ တော်လှန်ရေးကာလမှာ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့အချိန်မှာ တော်လှန်ရေးသမား အချင်းချင်း သတ်တဲ့ကိစ္စတွေကို လက်မခံနိုင်ဘူး။ အမှုမှန်ပေါ်စေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
PRDF က ကိုသားကြီးဆိုသူက ဖမ်းဆီးခိုင်းသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး PRDF ကို ဆက်သွယ်မေးမြန်းရာ ပြန်ကြားရေး တာဝန်ခံက ကိုပင်လယ်လူမှာ နုတ်ထွက်သွားပြီဖြစ်သဖြင့် သက်ဆိုင်မှု မရှိတော့သလို ယခုဖြစ်ရပ်မှာ ၎င်းတို့နှင့် သက်ဆိုင်မှု မရှိကြောင်း ငြင်းဆိုသည်။
ကိုပင်လယ်လူကို မိကျောင်းစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ကြားသိထားကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့အဖွဲ့က ခိုင်းစေတာလည်း မဟုတ်ဘူး။ တာဝန်ပေးအပ်တာလည်း မရှိဘူး။ နောက်တစ်ခုက ကျွန်တော်တို့ အနေနဲ့ လက်ရှိဖြစ်ပျက်တဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့ အမှုမှန်ပေါ်အောင်ကြိုးစားနေတာရှိတယ်” ဟု ၎င်းက ပြောဆိုသည်။
PRDF တပ်ဖွဲ့ဝင်ဟောင်း နောက်တစ်ဦးကလည်း ကိုပင်လယ်လူအသတ်ခံရသည့်ကိစ္စကို အမှုမှန်ပေါ်ပေါက်ရန်အတွက် စုံစမ်း နေသည်ဟု ဆိုသည်။
KNU တပ်မဟာ(၄) ၊ KNDO တပ်ရင်း (၇) အဓိက စိုးမိုးနယ်မြေတွင်ရှိသည့် မိကျောင်းစစ်ကြောင်းမှာ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ဦးဆောင်သူမှာ ဗိုလ်မုတ်ဆိတ်ဖြစ်သည်။
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး မိကျောင်းစစ်ကြောင်းကို Dawei Watch က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။ ကိုပင်လယ်လူ ဖြစ်စဉ်နောက်ပိုင်းတွင် အဆိုပါစစ်ကြောင်းကို အဆက်အသွယ် မရဖြစ်နေကြောင်း တော်လှန်ရေးအင်အားစုအချို့ထံမှ သိရသည်။
ကိုပင်လယ်လူအသတ်ခံရသည့်ကိစ္စနှင့်ပက်သက်ပြီး လူသတ်မှုတွင် ပါဝင်သူနှစ်ဦးကို KNDO တပ်ရင်း (၇) က ဖမ်းဆီးထား သည့် သတင်းထွက်ပေါ်နေသဖြင့် KNDO တပ်ရင်း (၇) တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်းကို Dawei Watch က ဖုန်းဆက် သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။