BREAKING
January 16, 2025

ပုလော ရှပ်ပုံရွာတွင် စစ်ရေးတင်းမာနေပြီး ရွာသားများပိတ်မိနေ

January 18, 2023

မြိတ်ခရိုင်၊ ပုလောမြို့အနီး ရှပ်ပုံကျေးရွာတွင် နှစ်ဖက်စစ်ရေးတင်းမာနေပြီး ရွာသားအများစုလည်း ရွာအတွင်း ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

ရှပ်ပုံကျေးရွာတွင် ဇန်နဝါရီလ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိအချိန်တွင် နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲထပ်မံဖြစ်လာမည်ကို စိုးရိမ်ကာ ရွာသားအချို့ ထွက်ပြေးနေကြဆဲဖြစ်သလို အများစုမှာ ရွာအတွင်း ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

“ထွက်လမ်း ဝင်လမ်းမရှိတော့ ရွာသားတွေ ပိတ်မိနေကြတယ်။ တချို့ကလည်း လှေငယ်တွေနဲ့ ထွက်နေကြတာ တွေ့ရတယ်။ အထုတ်ကလေးတွေနဲ့ ပစ္စည်းတွေသယ်ကြတာတော့ မတွေ့ရဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ပုလောမြို့ဖက်သို့သွားသည့် အေပရယ်ကန်အနီးက တံတားအပါအဝင် ဖိုးရှမ်းကမ်းခြေဖက်သွားသည့် တံတားသည် လည်း မိုင်းဆွဲခံရပြီး အသုံးပြု၍ မရတော့ ကုန်းလမ်းပိတ်နေပြီဖြစ်ကြောင်း ဒေသခံအမျိုးသားက ပြောသည်။

သို့သော် လှေငယ်အချို့ကို အသုံးပြုပြီး နီးစပ်ရာရွာများဖက် ထွက်ပြေးနေကြသလို အချို့မှာလည်း တံတား မိုင်းခွဲမခံရခင် မိုးရှမ်းကမ်းခြေဖက်သို့ မိသားစုလိုက် စစ်ရှောင်နေကြပြီး အများစုမှာမူ ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်တွေမှာပင် ရှိနေကြသေးကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ ရွာအတွင်း၌ရှိနေသလို ရွာအပြင်အနီးတဝိုက်တွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်များက ရှိနေသည့်အတွက် တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်နေရကြောင်း ၎င်းတို့က ဆိုသည်။

“ဒီနေ့မှာတော့ ပစ်သံခတ်သံ မကြားရသေးဘူး။ ဒါပေမဲ့ ဘယ်အချိန် ထချကြမလဲ မပြောနိုင်ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရှပ်ပုံကျေးရွာသည် ပုလောမြို့နှင့် အနီးဆုံးကျေးရွာဖြစ်ပြီး ရွာတန်းရှည်ကာ အိမ်ခြေ နှစ်ထောင်ကျော်ရှိကြောင်း ဒေသခံများထံမှ သိရသည်။