မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ယနေ့(ဒီဇင်ဘာ ၁၇) နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယနေ့ နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်ကစပြီး မော့ကနင်ရွာအနီး ကွမ်ကျိုက်ကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နံနက် ၈ နာရီကျော်ခန့်မှသာ သေနတ်သံတိတ်သွားကြောင်း ဒေသခံတို့က ပြောသည်။
မော့ကနင်ဒေသခံတစ်ဦးက “တိုက်ပွဲက ပြင်းထန်တယ်။ လက်နက်ကြီးသံတွေလည်း ဆက်တိုက်ပဲ။ သေနတ်သံတွေ စကြားတာက မနက် ၅ လောက်ကတည်းက ၈ နာရီကျော်ကျော်လောက်မှာမှ သေနတ်သံ တိတ်သွားတာ” ဟု ပြောသည်။
တိုက်ပွဲကြောင့် ရေး-သံဖြူဇရပ်လမ်းပိုင်း ကားပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းခန့်တွင် အနည်းငယ် အသွားအလာပြန်ရှိကြောင်း စစ်ကောင်စီတပ်ဘက်ကလည်း လမ်းတစ်လျှောက် စစ်ဆေးမှု တင်းကြပ်ထားကြောင်းလည်း ၎င်းကဆိုသည်။
“တိုက်ပွဲဖြစ်နေတော့ ကားတွေလည်း ဟိုဘက် ဒီဘက် မသွားရဲကြဘူး။ သေနတ်သံတိတ်သွားပြီး နေ့လယ်ပိုင်းလောက်မှ ကားတွေ သွားလာကြတာ ဒါပေမဲ့ အသွားအလာကတော့ နည်းတယ်။ အဲတိုက်ပွဲဖြစ်တဲ့နေရာမှာဆို စစ်တပ်တွေ အများကြီးချထားပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတယ်လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၅၈၈၊ ခလရ ၁၀၆၊ အမတ ၃၁၇ တပ်ရင်းတို့မှလည်း လက်နက်ကြီးဖြင့် ဆက်တိုက် လှမ်းပစ်ခဲ့သည်ဟုလည်း ဒေသခံတို့က ပြောသည်။
ယနေ့ ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP- AD၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ပါဝင်သည်ဟု သိရသည်။
ရေး၊ သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တို့က အင်းအားတိုးချဲ့လာနေသည့်အတွက် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဩဂုတ်လအတွင်းမှာပင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၄၀ နီးပါး သေဆုံးကာ
ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။