BREAKING
April 29, 2025

ထားဝယ်တွင် မသန်စွမ်းတစ်ဦး နှစ်လကြာပျောက်နေပြီး အဆက်အသွယ်မရ

December 17, 2024

ပုံစာ - ကိုစိုးမင်းပိုင်

ထားဝယ်မြို့ ၊ ဝဲကျွန်းထိန်ဟောင်း ရပ်ကွက်တွင် အောက်တိုဘာလ ၁၈ ရက်နေ့က ပျောက်သွားသော မသန်စွမ်းတစ်ဦးကို ယနေ့ ဒီဇင်ဘာလ ၁၇ ရက်အထိ ပြန်ရှာမတွေ့သေးကြောင်း မိသားစုထံကသိရသည်။

ကိုစိုးမင်းပိုင်သည် မွေးရာပါစကားမပြောနိုင်သည့်အပြင် စိတ်ကျန်းမာရေးချို့ယွင်းသူ ဖြစ်သဖြင့် အများနည်းတူ အကူအညီတောင်းခံ၍ နေရပ်ပြန်တတ်သူမဟုတ်သဖြင့် အခုလိုအကြာကြီး အဆက်အသွယ်မရသည့်အပေါ် ပို၍စိုးရိမ်နေကြောင်း ၎င်း၏မိခင်က ပြောသည် ။

“တချို့ကလည်း မြိတ်ဘက်မှာ မြင်တယ်။ အတိအကျလည်းမပြောတော့ လိုက်မရဖြစ်နေတယ် ။ အဲဒါကြောင့် ဓာတ်ပုံကို မြင်တဲ့တွေ့တဲ့သူတွေကို ဆက်သွယ် ကူညီပေးကြပါ။ လာပို့ရင်လည်း စရိတ်တွေတာဝန်ယူပါမယ်။ လာခေါ်ရမယ်ဆိုလည်း လာခေါ်ပါမယ် “ ဟု ကိုစိုးမင်းပိုင် ၏ မိခင်က ပြောသည် ။

ကိုစိုးမင်းပိုင် အား တွေ့ရှိပါက အမှတ် ၁၆၀ ၊ မင်္ဂလာလမ်း ၊ ဝဲကျွန်းထိန်ဟောင်းရပ် ၊ ဖုန်းနံပါတ် 09678929964 သို့ ဆက်သွယ်ပေးပါရန် ၎င်းကအကူအညီတောင်းခံထားသည်။

ကိုစိုးမင်းပိုင် ပျောက်ဆုံးမှုကို ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး စစ်သားစုဆောင်းရေးနှင့် စစ်ကောင်စီတပ်ရင်းများထံ လိုက်လံစုံစမ်းရာတွင်လည်း မတွေ့ရှိကြောင်း မိသားစုနှင့်ကူညီပေးနေသူများ ထံမှသိရသည် ။

” ရှာတာကတော့ နေရာအနှံ့ပဲ ၊ ထားဝယ်မြစ်ထဲ အလောင်းပေါ်တုန်းကလည်း သွားကြည့်သေးတယ်။ သေတဲ့လူမှာက လည်ပင်းမှာ ဆေးမင်ကြောင်တွေနဲ့ မဖြစ်နိုင်ဘူး ။ ကိုစိုးမင်းပိုင်မှာက ဆေးမင်ကြောင် ဘာမှမရှိဘူး” ဟု ကူညီပေးနေသည့် ရပ်ကွက်နေသူတစ်ဦးကပြောသည်။

ယခုနှစ် သြဂုတ်လ တတိယအပတ်က ဖခင်နာရေးအတွက် ရန်ကုန်မြို့မှ နေရပ် မြိတ်မြို့သို့ ပြန်လာစဥ် အဆက်သွယ်ပြတ်၍ ပျောက်နေခဲ့သည့် သီတဂူသန်လျင်ဗုဒ္ဓတက္ကသိုလ်မှ အရှင်ဝိသုတ မှာမူ အဆက်အသွယ်ပြတ်ပြီး တစ်လကျော်အကြာတွင် မိသားစုနှင့်ပြန်လည်အဆက်အသွယ်ရခဲ့ပြီး ဘေးကင်းကြောင်း အရှင်ဝိသုတ၏ မိသားစုထံမှသိရသည် ။

ရန်ကုန်တွင် ယခုနှစ်အတွင်းပျောက်နေသည့် တနင်္သာရီတိုင်းက အမျိုးသားနှစ်ဦး သည် လအတန်ကြာသည်အထိ ပြန်ရှာမတွေ့သေးပေ။